Home သတင်း လေးကေကော် မြို့သစ်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲ ပြင်းထန်နေ

လေးကေကော် မြို့သစ်တွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲ ပြင်းထန်နေ

1090
Photo: ကဆောဝါး

ဧပြီ ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသရပ်ကွက်များတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ နံနက် ၂ နာရီမှ စတင်ကာ နေ့လည်ပိုင်းအချိန်ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း မြေပြင်သတင်းအရ သိရသည်။

ဧပြီလ ၁၀ ရက်၊ နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က ဗျူးပွိုင့်အမြှောက်ကုန်းနှင့် မဲ့ထော်သလေးဘက်တို့မှ စစ်ကြောင်း ၂ခု ဖြင့် လေးကေကော် ဒေသခံများနေထိုင်သည့် ရပ်ကွက်များအတွင်း စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် လက်ရှိအချိန်ထိ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

” ဒီမနက် ၂ နာရီ လောက်မှာ စစ်ကြောင်း ဆင်းလာတယ်။ ၊ ဗျူးပွိုင့်ကုန်း၊ ခွေးကုန်း (အမြှောက်ကုန်း)ဘက်ရော၊ မယ်ထော်သလေး ၊ ဖလူးဘက်ကရော တက်လာပြီး လေးကေကော် ရပ်ကွက်တွေထဲက ကရင်ကင်းအဖွဲ့တွေရှိ တဲ့နေရာတွေကို လက်နက်ကြီးနဲ့ စပစ်ရာကနေ တိုက်ပွဲ ဖြစ်တာပေါ့၊ ကရင်အဖွဲ့တွေ က အစုခွဲပြီး ပြန်တိုက်တာ မှာ စစ်ကောင်စီဘက်က အထိနာနေတော့ ပိုပြီးလက်နက်ကြီး တွေပစ်ထုတ်နေတာမှာ လူနေအိမ်တွေ တော်တော် ထိတယ်။ KNLA ရဲဘော်တစ်ယောက်တော့ လက်နက်ကြီး အစ မှန်ထားတယ်လို့ သိရတယ်၊ တိုက်ပွဲ ကတော့ အခုထိပစ်နေတယ်” ဟု ၎င်းစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

အဆိုပါ လေးကေကော် ဒေသတွင် ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီ ကင်းစခန်းများအား KNLA ပူးပေါင်းအဖွဲ့ များနှင့် ပြောက်ကြား တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနေကြောင်း KNLAဘက်က ပြောသည်။

ယမန်နေ့ ဧပြီ ၉ ရက်၊ ညပိုင်းတွင်လည်း လေးကေကော် ရပ်ကွက်များ ၊ ထီးမယ်ဝါးခီးကျေးရွာအတွင်း စစ်ရေးလှုပ်ရှားနေသည့် KNLA ပူးပေါင်းအဖွဲ့များအား နယ်မြေ ရှင်းလင်းရေးအသွင်ဖြင့် စစ်ကောင်စီဘက်မှ တပ်မ ၂၂ လက်အောက်ခံ တပ်များ၊ ကမ်းရိုးတန်းတိုင်းတပ်ရင်းများ၊ တပ်မ ၄၄ လက်အောက်ခံတပ်ရင်းများ၊ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ် -BGF တပ်များ ပူးပေါင်းအင်အား၂၀၀ ခန့် စစ်ကြောင်း ၂ ခုမှ ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယခုဖြစ်ပွားနေသော လေးကေကော်တိုက်ပွဲတွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့သူ ခမရ ၅၈၅ ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင် အပါအဝင် CDM တပ်မတော်သားအချို့လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်ကူတိုက်ပေးနေသည်ဟု သိရသည်။