Home သတင်း ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်များ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်များအထိနာဟု ပြော

ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်များ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်များအထိနာဟု ပြော

1072

မတ်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ ဖလူးဒေသမှ ဝေါလေဘက်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းအား မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။

KNLA ပူးပေါင်းတပ်များနှင့် နီးစပ်သည့် မြေပြင်သတင်းအရင်းအမြစ်တစ်ခုက “ဖလူးဘက်က စစ်ကောင်စီတပ်တွေ ညက တောင်ကြောပေါ်တက်လာတာကနေ အခု မနက် DKBA နယ်မြေဆုံဆည်းမြိုင်ဘက်ကိုဝင်တဲ့ စစ်ကူစစ်ကြောင်း အင်အား ၃၀၀ ကျော်ကို သေ့ဘောဘိုး ဧရိယာ ဘလက်ဒို ကျေးရွာနားမှာ ကရင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ် ၊ ကြားဖြတ်တိုက်တာဆိုတော့ စစ်ကောင်စီဘက်က အကျအဆုံးတွေရှိတယ်၊ လမ်းဘေးမှာ ကျည်ထိပြီး အော်ငြီးနေသံတွေ ကြားနေရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာသလို မြဝတီ-ကော့ကရိတ် အာရှလမ်းဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီလေယာဥ် ၂ စင်းတက်လာသောကြောင့် ပြောက်ကျားစနစ်ဖြင့်သာ လှုပ်ရှားနေကြရသည်ဟု ၎င်း KNLA ပူးပေါင်းတပ်များ နှင့် နီးစပ်သည့် မြေပြင် သတင်းအရင်း အမြစ် က ဆက်ပြောသည်။

ဝေါလေ ဒေသ အတွင်းရှိ စစ်ကောင်စီ စစ်အင်အားတိုးချဲ့ နယ်မြေ ကျော်လွန် ဝင်ရောက်တိုက် ခိုက်လာနေသည်မှာ ဖေဖော်ဝါရီလကတည်းက ဖြစ်ပြီး ယခု မတ်လကုန်ပိုင်းအထိ KNU တပ်မဟာ၆ နယ်မြေအတွင်း ကော့ကရိတ် တောင်ပိုင်းဒေသ ၊ တောင်ကြာအင်းဒေသ၊ ကြာအင်းဆိပ်ကြီးဒေသ၊လေးကေကော် ၊ ဖလူးဒေသနှင့် ယခု ဝေါလေ သေ့ဘောဘိုး၊ ကနဲလေး ဒေသအထိ တိုက်ခိုက်မှုများ နေရာစုံ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

ထို့အပြင် ဘုရားသုံးဆူ ဒေသဘက်တွင်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီဖြစ်ကြောင်း ဒေသခံများ ပြောစကားအရ သိရသည်။

တိုက်ပွဲပြင်းထန်လာသည့် မြဝတီတောင်ဘက်ဒေသဘက်တွင် မတ်လ ၂၅ရက်နှင့် ၂၆ရက်နေ့များတွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု များလုပ်ဆောင်ခဲ့သဖြင့် လူနေအိမ်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ထို့အတူ ယနေ့ နံနက် ၂ နာရီအချိန်တွင်လည်း ကေအဲန်ယူ မူတြော်ခရိုင်၊ လူသောမြို့နယ်ထဲတွင် စစ်ကောင်စီက ဂျက်လေယာဉ် ၂စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အဆောက်အဦးအချို့ ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ထုတ်ပြန်ထားသည်။