Home သတင်း မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးကုန်တင်ယာဉ် ၂ စီးမီးရှို့ခံရပြီး ပစ်ခတ်မှုများဆက်ရှိ

မြဝတီ-ကော့ကရိတ်အာရှလမ်း တောနော်ရေတံခွန်အနီးကုန်တင်ယာဉ် ၂ စီးမီးရှို့ခံရပြီး ပစ်ခတ်မှုများဆက်ရှိ

1238

မတ်လ ၂၇ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန် အနီးတွင် ယနေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းက ကုန်တင်ယာဉ် ၂ စီး မီးရှို့ခံရပြီး လက်ရှိမှာလက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

“ဒီကနေ့ မနက်အစောပိုင်းက မြဝတီဘက်က ဆင်းလာတဲ့ ၆ ဘီး ယာဉ် တစ်စီးနဲ့ ၁၂ ဘီးယာဉ် တစ်စီး အာရှလမ်း တောနော်ရေတံခွန်နားမှာ မီးရှို့ခံထားရတယ်” ဟု အဆိုပါ လမ်းပိုင်းတွင် လူမှုကယ်ဆယ်ရေး ဆောင်ရွက်နေသည့်အသင်းအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ ကုန်တင်ယာဉ် နှစ်စီး မီးရှို့ခံရပြီးနောက် အာရှလမ်း တောနော်ရေတံခွန်အနီး ကော့ကရိတ်ဘက်ခြမ်းတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းနှင့် လက်ရှိ အာရှလမ်းတွင် ယာဉ်သွားလာမှု မရှိသလောက်နည်းပါးကြောင်း ဒေသခံတစ်ဦး၏ ပြောကြားမှုမှ သိရသည်။

ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ညပိုင်းကတည်းက မြဝတီဘက်ခြမ်း အာရှလမ်းအနီးဝန်းကျင်နှင့် ကွင်းကလေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့သေးသည်။

ယနေ့ နံနက်ပိုင်းမှာတော့ အာရှလမ်း တောနော်ရေတံခွန်အနီး ကော့ကရိတ်ဘက်ခြမ်းတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိသည့်အတွက် အာရှလမ်းကော့ကရိတ်ဘက်ခြမ်းတွင် မော်တော်ယာဉ်များ ဆက်လက်သွားလာခွင့်မရကြ၍ စောင့်ဆိုင်းနေကြသည့် ယာဉ်အနည်းငယ်သာရှိပြီး အများစုမှာ လှည့်ပြန်နေကြကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းအား အသုံးပြု၍ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးနှင့် ခရီးသွားလာမှုကို မတ်လ ၂၇ ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားကြရန် KNU တပ်မဟာ ၆ နှင့် ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ မနေ့က မတ်လ ၂၆ ရက် နေ့စွဲဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံထားသည့် စာထုတ်ထားပြီးသည့်နောက် ယနေ့နံနက်ပိုင်းတွင် မြဝတီဘက်ခြမ်းမှ ကုန်တင်ယာဉ်များနှင့်ခရီးသွားယာဉ် များသွားလာမှုမရှိသလောက်နည်းပါးကြောင်း သိရသည်။

ထို့အတူ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြဝတီတောင်ဘက် ဘလယ်ဒို့ကျေးရွာဘက်တွင် ထိုးစစ်ဆင်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။