Home သတင်း ကေအဲန်ယူ မူတြော်ခရိုင်တွင် စစ်ကောင်စီလေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်ထိခိုက်ပျက်စီးမှုရှိ

ကေအဲန်ယူ မူတြော်ခရိုင်တွင် စစ်ကောင်စီလေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်ထိခိုက်ပျက်စီးမှုရှိ

1073
Photo: ဒေသခံ

မတ်လ(၂၇)ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုတွင် ယနေ့ မတ်လ ၂၇ရက်နေ့ နံနက် ၂နာရီအချိန်ခန့်တွင် စစ်ကောင်စီ ဗုံးကြဲလေယာဉ် ၂ စင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ၏ဗုံးကြဲလေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုတွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းရှိ ဒေဘုနိုရွာ၏အထက်တန်းကျောင်းဝင်းဟောင်းနှင့် ထီးလေးကွီးကျေးရွာအတွင်းသို့ တစ်လုံးစီလာရောက်ဗုံးကြဲချသွားခြင်းဖြစ်ပြီး လူသူမဲ့အိမ်အချို့ထိခိုက်ပျက်စီးသွားကြောင်း၊ ထိခိုက်ပျက်စီးမှုသတင်းအတိအကျကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ကေအဲန်ယူမူတြော်ခရိုင်သတင်းစဉ်က ဖော်ပြထားသည်။

စစ်ကောင်စီတိုက်လေယဉ်ဖြင့်ဗုံးများလာရောက်ကြဲချသည့် ထိုရွာများသည် ယမန်နှစ် ၂၀၂၁ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ (စစ်ကောင်စီ တပ်မတော်နေ့) တုန်းကလည်း ပထမဆုံးအကြိမ် လာရောက်ဗုံးကြဲချမှု ပြုလုပ်ခဲ့သော ကျေးရွာများဖြစ်သည်ဟု သိရသည်။

ယခု စစ်ကောင်စီတိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချမှု ဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မူတြော်ခရိုင်တာဝန်ရှိသူများအား ကေအိုင်စီအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့တုန်းကလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီတောင်ဘက်)ရှိ မောခီးနှင့် စုကလိကျေးရွာအုပ်စုဘက်တွင်လည်း စစ်ကောင်စီ၏ တိုက်လေယာဉ်များက အလားတူ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူနေအိမ်အဆောက်အဦးအချို့ ထိခိုက်မှုရှိခဲ့သည်။

Photo: ဒေသခံ