Home ဆောင်းပါး နှောင်ကြိုး ၄ချောင်း၊ စနစ်ဆိုးဖိနှိပ်မှုနဲ့ အမျိုးသမီးလွတ်မြောက်ရေး (ဆောင်းပါး)

နှောင်ကြိုး ၄ချောင်း၊ စနစ်ဆိုးဖိနှိပ်မှုနဲ့ အမျိုးသမီးလွတ်မြောက်ရေး (ဆောင်းပါး)

1246

နှောင်ကြိုး ၄ချောင်း၊ စနစ်ဆိုးဖိနှိပ်မှုနဲ့ အမျိုးသမီးလွတ်မြောက်ရေး

မောင်ကျော်စွာ

(၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်)

” ထူးချွန်ထက်မြက်မှုနဲ့ ဇွဲလုံ့လရှိမှုဘက်မှာလည်း အမျိုးသမီး တွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ရုံမျှ မကပါဘူး။ ကျော်လွန်နေတာကိုလည်း တွေ့ရမှာပါ။ “

လူသားလို့ ဆိုလိုက်တာနဲ့ အမျိုးသမီးနဲ့အမျိုးသား၊ ယောကျ်ားနဲ့မိန်းမကို အတူယှဉ်တွဲပြီးမြင်ကြလိမ့်မယ်လို့ ထင်ပါတယ်။ လူသားနဲ့ အခြားသက်ရှိသတ္တဝါတွေအကြား ပင်မခြားနားမှုကတော့ လူသားဟာ ကုန်ထုတ်လုပ်တတ်တာ ပါပဲ။ အဲဒီလို ကုန်ထုတ်လုပ်တတ်တာကပဲ လူသားကို ပိုမိုမြင့်မားတဲ့ ခေတ်စနစ်သစ်များဆီကို စဉ်ဆက်မပြတ် ရှေ့ရှုချီ တက် တည်ဆောက်နိုင်စေတာပါပဲ။ လွယ်လွယ်ကူကူတော့လည်း မဟုတ်ပါဘူး။ တဖြောင့်တည်း၊ တစ်ချီတည်းတော့ လည်း မဟုတ်ပါဘူး။ ရာစုနှစ်ပေါင်းများစွာ သွေးတွေ၊ ချွေးတွေ၊ အသက်တွေ ရင်းပြီး ချီတက်လာခဲ့ကြတာပါ။ ချီတက် နေကြရဆဲ ဖြစ်ပါတယ်။ လူသားမျိုးဆက်သစ်တွေဟာ တစ်ဆက်ပြီးတစ်ဆက် မရပ်မနား လက်ဆင့်ကမ်း ချီတက်နေ ကြဦးမှာလည်း ဖြစ်ပါတယ်။

လူသားမျိုးဆက်တွေ ချီတက်လာခဲ့ကြတဲ့ သမိုင်းလမ်းကြောင်းဟာ စက်ဝိုင်းလည်သလို ကရွတ်ကင်းလျှောက် သလို လည်ပြီးသားတွေပေါ်မှာ ထပ်ပြန်တလည်းလည်း ဓာတ်ပြားလည်သလို လည်နေတာမျိုးမဟုတ်ဘဲ ကြောင်လိန် လှေကားသဖွယ် တစ်ရစ်ပြီးတစ်ရစ်၊ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာတဲ့ သမိုင်းခရီးလမ်းကြောင်းမျိုးပဲ ဖြစ်ပါတယ်။ ယာယီနောက် ပြန်ဆုတ်တာတွေ၊ နှေးကွေးအီထိုင်းသွားတာတွေ ရှိနိုင်ပေမယ့် တစ်ဆင့်မြင့်တဲ့ ရှေ့သို့ချီတက်နေတဲ့ ခရီးကိုတော့ ဘယ်သူကမှ၊ ဘယ်အင်အားစုကမှ တားဆီးနိုင်စွမ်းမရှိပါဘူး။

ဒါကြောင့်ပဲ လူသားရဲ့သမိုင်းဟာ မဆုံးနိုင်ပါဘူး။ နိဂုံး မချုပ်နိုင်ပါဘူး။ ခင်ဗျားတို့၊ ကျနော်တို့ လူသားတွေဟာ အသက်ဆိုတဲ့ ကာလအတိုင်းအတာအရ အကန့်အသတ်ရှိကြပေမယ့် လူသားတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်း ကြီးကတော့ အကန့်အသတ်မရှိ စဉ်ဆက်မပြတ် တိုးပွားမြဲ တိုးပွားနေမှာပါ။

လူသားဆိုတဲ့ “အမျိုးသမီးနဲ့အမျိုးသား၊ ကျားနဲ့မ”ဟာ သမိုင်းကြောင်းတစ်လျှောက် အတူတူလျှောက်လှမ်းလာ ခဲ့ကြပေမယ့် သမိုင်းရဲ့အဆင့်ကာလတစ်ခု ရောက်တဲ့အခါမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ “အဆွယ်အ ပွားအဖြစ်၊ လက်အောက်ခံအဖြစ်၊ ဒုတိယတန်းစားအဖြစ်” ပုံစံမျိုးစုံနဲ့ ခွဲခြားချိုးနှိမ်ခံလာခဲ့ကြရပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ “အဆွယ်အပွားအဖြစ်၊ လက်အောက်ခံအဖြစ်၊ ဒုတိယတန်းစားအဖြစ်” အမျိုးမျိုးသော ဓလေ့ထုံးစံတွေ၊ အမျိုးမျိုးသော ဘာသာရေးအစွဲအလန်းတွေ၊ ဥပဒေစည်းကမ်းတွေနဲ့ အတင်းအဓမ္မ ဖိနှိပ်ကွပ်ညှပ်ထားတာတွေကို ကမ္ဘာ့နိုင်ငံတွေမှာ ယနေ့အထိ အထင်အရှားတွေ့မြင်နိုင်ပါတယ်။

အခြားဟာတွေ မပြောပါနဲ့အုံး။ အမျိုးသမီးတိုင်းရဲ့ ပုံမှန် ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်တဲ့ လစဉ်ရာသီလာခြင်း (Menstruation) ဆိုတာကို အကြောင်းပြုပြီး ယုတ်ညံ့မှုသဖွယ်၊ ညစ်ညမ်းမှုသဖွယ်၊ ပြစ်မှုတစ်ခုသဖွယ် သတ်မှတ်ပြီး ခွဲခြားချိုးနှိမ်ထားကြတာတွေဟာ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာ ဒီနေ့အထိ အမြစ်တွယ်နေဆဲ မဟုတ်ပါလား။ လစဉ် ရာသီလာခြင်း (Menstruation) ဆိုတာဟာ လူသားအမျိုးသမီးတိုင်းရဲ့ ပုံမှန်ဇီဝကမ္မ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် ဒီလို ရိုးရိုးစင်းစင်း ဖြစ်ရပ်ကလေးကိုပဲ ယုတ်ညံ့မှု၊ မသန့်ပြန့်အမှုအဖြစ် ပုံကြီးချဲ့ပြီး ပြစ်မှုတစ်ခုသဖွယ်၊ နိမ့်ကျမှုတစ်ခု သဖွယ် သတ်မှတ်ခဲ့ကြပြီး အမျိုးသမီးတွေအပေါ်ကို ခွဲခြားချိုးနှိမ်ထားကြတယ် မဟုတ်ပါလား။

ဒီနေ့အထိ ကမ္ဘာပေါ်က တိုင်းပြည်တိုင်းမှာ အသက်အရွယ်မျိုးစုံ အမျိုးသမီးတွေဟာ ပုံစံမျိုးစုံနဲ့ ခွဲခြားဖိနှိပ်မှု တွေ၊ သွေးစုပ်မှုတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာရေးပညတ်ချက်တွေ၊ စည်းကမ်းတွေ၊ ဥပဒေတွေထဲမှာကြည့်လိုက်ရင် အမျိုးသမီးများအပေါ်ခွဲခြား တား မြစ်၊ ဖိနှိပ်ထားတာတွေကို အလွယ်တကူတွေ့မြင်ကြရမှာဖြစ်ပါတယ်။

စိစစ်ကြည့်လိုက်ရင် အမျိုးသမီးများအပေါ် ခွဲခြားဖိစီးတုတ်နှောင်ထားတဲ့ နှောင်ကြိုးကြီး ၄ ချောင်းရှိနေတာ ကိုတွေ့ ရပါလိမ့်မယ်။
ပထမတစ်ခုက အတွေးအခေါ်အရ ခွဲခြားဖိစီးတုပ်နှောင်ထားတဲ့ နှောင်ကြိုးဖြစ်ပါတယ်။ ဒီနှောင်ကြိုးက အမျိုး သမီးတွေကို မျိုးဆက်အလိုက်အညွန့်ကျိုးသွားအောင် နာလန်မထူနိုင်အာင် ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အစဉ်အလာဆိုး စတဲ့ ခေါင်းစဉ်တွေနဲ့ ခွဲခြားဖိနှိပ်ထားတာပါ။ ပိုပြီးဆိုးဝါးတာက ဒီလို ခွဲခြားဖိနှိပ်ထားမှုတွေကို အမျိုးသမီးတွေ ကိုယ်၌က ထင်ယောင်ထင်မှားဖြစ်နေတာပါ။ (သာဓကအားဖြင့် ယောကျ်ားက မြင့်မြတ်တယ်၊ ဘုန်းကံ ရှိတယ်။ “သားကိုသခင် လင်ကို ဘုရား” ဆိုတာမျိုးတွေပေါ့)

ဒုတိယတစ်ခုကတော့ စီးပွားရေးအရ ဖိနှိပ်သွေးစုပ်မှုဆိုတဲ့ နှောင်ကြိုးဖြစ်ပါတယ်။ ဒီနေရာမှာလည်း အမျိုး သမီးတွေရဲ့ အလှအပနဲ့ အသွေးအသားဟာ ရောင်းကုန်တစ်ခု ဖြစ်လာပါတယ်။ အမျိုးသမီးတွေရဲ့ အလှအပဟာ ကုန် ပစ္စည်းတွေ အမြောက်အများ ရောင်းချရဖို့အတွက် မြူဆွယ်ဗန်းပြရတဲ့ ရောင်းကုန်ပစ္စည်းရဲ့ အဆွယ်အပွား (ဝါ) အရောင်းမြှင့်တင်ရေး ကိရိယာသဖွယ် ဖြစ်လာပါတယ်။ လူကုန်ကူးမှုတိုင်းဟာ အမျိုးသမီးတွေကို တစ်နေရာကနေ တစ်နေရာ၊ တစ်နိုင်ငံကနေ တစ်နိုင်ငံကို တင်ပို့ရောင်းချတာပဲ မဟုတ်ပါလား။ ဒီပြစ်မှုတွေကို ကြည့်တဲ့အခါ ရောင်းစား ခံရတဲ့ သားကောင်ဟာ အမျိုးသမီးတွေဖြစ်နေပြီး တင်ပို့ရောင်းစားသူတဲ့ မုဆိုးဟာလည်း အမျိုးသမီးတွေကိုယ်တိုင်ပဲ ဖြစ်နေပြန်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ကုပ်ခွစီးထားတဲ့ စစ်တပ်ထဲမှာလည်း ဗိုလ်ချုပ်ကြီးကတော်တွေဟာ သူတို့ လင်ယောက်ျားရဲ့ အဆင့်နေရာနဲ့ ရာထူးကိုလိုက်ပြီး သူတို့ထက် ရာထူးအဆင့်နိမ့်တဲ့၊ ဒါမှမဟုတ် အဆင့်များစွာနိမ့်တဲ့ စစ်ဗိုလ်တွေရဲ့ ဇနီးမယားအပေါ်မှာ ကျေးကျွန်သဖွယ်၊ အချွေအရံ အခိုင်းအစေသဖွယ် နိုင်လိုမင်းထက် ပြုမူဆက်ဆံနေ ကြတာပဲ မဟုတ်ပါလား။ စစ်တပ်ထဲမှာ လင်ယောက်ျားရဲ့ ရာထူးအဆင့်အတန်းကိုလိုက်ပြီး ဇနီးမယားဟာ အင်္ကျီထဘီ အရောင်အသွေးကအစ ခွဲခြားသတ်မှတ်ထားတဲ့အတိုင်း ဝတ်ဆင်ကြရတယ် မဟုတ်ပါလား။

တတိယတစ်ခုကတော့ ပဒေသရာဇ် အဖကြီးစိုးမှုနဲ့ လင်ယောက်ျားရဲ့ နိုင်လိုမင်းထက်လုပ်မှု ဆိုတဲ့နှောင်ကြိုး ဖြစ်ပါတယ်။ သာဓကအားဖြင့် – နေ့စဉ် စားဝတ်နေမှုဘဝထဲက အိမ်တွင်းအကြမ်းဖက်မှုတွေ ပါဝင်ပါတယ်)

စတုတ္တတစ်ခုကတော့ ပညာရေး၊ လုပ်ငန်းခွင်နဲ့ တရားဥပဒေတွေမှာ အမျိုးသားတွေနဲ့ တန်းတူမထားဘဲ ခွဲခြား ဖိနှိပ်ထားတဲ့ နှောင်ကြိုးပဲဖြစ်ပါတယ်။ အထက်ပါ နှောင်ကြိုး ၄ခုဟာ မြန်မာပြည်က လူမျိုးပေါင်းစုံ အမျိုးသမီးတွေ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ဖိစီးနှိပ်စက်နေတာဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသမီးတွေ လွတ်မြောက်ရေးကို ပြောတဲ့အခါတိုင်းမှာ အထက်မှာတင်ပြခဲ့တဲ့ နှောင်ကြိုး ၄ခုက နေ လွတ်မြောက်ရေးအပြင် သက်ဆိုင်ရာတိုင်းပြည်မှာ လက်တွေ့ရင်ဆိုင်နေရတဲ့ စနစ်ဆိုးဖိနှိပ်မှုအောက်က လွတ် မြောက်ရေးကိုလည်း တစ်ပေါင်းတစ်စည်းထဲ တည့်သွင်းပြောဆိုရပါမယ်။ လုပ်ကိုင်ဆောင်ရွက်ရပါမယ်။ လက်ရှိမြန်မာ ပြည်ရဲ့ လက်တွေ့အနေအထားနဲ့ပြောရရင် အကြမ်းဖက် (စကစ) စစ်အုပ်စုရဲ့စနစ်ဆိုး ဖိနှိပ်မှုအောက်က လွတ်မြောက် ရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အင်မတန်အရေးပါတဲ့ အခန်းကနေ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။

ကျောင်းဆရာမ၊ ဆရာဝန်၊ သူနာပြု၊ အထည်ချုပ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းတွေမှာ အမျိုးသမီးတွေဟာ အများစုနေရာက ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ထူးချွန်ထက်မြက်မှုနဲ့ ဇွဲလုံ့လရှိမှုဘက်မှာလည်း အမျိုးသမီး တွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်ရုံမျှ မကပါဘူး။ ကျော်လွန်နေတာကိုလည်း တွေ့ရမှာပါ။ အလွယ်ကူဆုံး နဲ့ အမြင်သာဆုံးအဖြစ် ၁၀တန်းစာမေးပွဲအောင်စာရင်းမှာပဲ ကြည့်ပါ။ ဂုဏ်ထူးအများဆုံး၊ အမှတ်အများဆုံး၊ အရေအ တွက် အများဆုံး အောင်မြင်ကြသူတွေဟာ မိန်းကလေးတွေပဲ ဖြစ်လာနေပါတယ်။

ဒါ့အပြင် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြသူတွေရဲ့ အများစုကလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ပညာတတ်မြောက်ဖို့၊ ဓလေ့ထုံးစံဟောင်း၊ အစွဲအလန်းဟောင်းတွေနဲ့ ဘာသာရေး အစွဲအလန်းဟောင်းတွေ ကင်းစင်ဖို့ သိပ်အရေးကြီးပါတယ်။ မြို့ပြက ပညာတတ်အမျိုးသမီးတွေရဲ့ အသံထွက်လာတာ လောက်ကိုပဲ ကွက်ကြည့်ပြီး လူမျိုးပေါင်းစုံ မြန်မာအမျိုးသမီးထုကြီးရဲ့အသံ ဖြစ်ပါတယ်လို့ ပြောဖို့မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် လူမှုဘဝနယ်ပယ် အသီးသီးက အမျိုးသမီးများရဲ့ တကယ့်လက်တွေ့ဘဝကို လေ့လာစူးစမ်းပြီး ဖိနှိပ်ခံရမှု တွေ၊ ခွဲခြား ချိုးနှိမ်ခံရမှုတွေကို တိုက်ပွဲ ဝင်ကြရမှာပါ။

ဒီလို တိုက်ပွဲဝင်ဖို့အတွက် ယနေ့ တိုင်းပြည်နဲ့အဝန်း ဖြစ်ပွားနေတဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ စစ်ဗြူရို ကရေစီယန္တရားဖျက်သိမ်းရေး လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုကြီးထဲမှာ မိမိပါဝင်နိုင်တဲ့ နယ်ပယ်ကနေ ပါဝင် ကြဖို့ပဲ ဖြစ်ပါတယ်။ တချို့ကတော့ စစ်ကိုတားဆီးဖို့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ထိန်းသိမ်းဖို့ အမျိုးသမီးတွေရဲ့ ပါဝင်မှု ကို အလေးထား ပြောဆိုကြပါတယ်။ ကျနော်ကတော့ ယနေ့ဆင်နွှဲနေတဲ့ ခုခံတော်လှန်စစ် အလျင်အမြန် အောင်ပွဲဆင် နိုင်ဖို့ အမျိုးသမီးတွေ ပါဝင်ရေးကို အလေးထားပြီး ပြောဆိုချင်ပါတယ်။ သို့ပါ၍ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ စနစ်ဆိုးအုပ်စိုးမှုကို ကျား/မ ရင်ဘောင်တန်းကာ တိုက်ပွဲဝင်ကြရင်းနဲ့ အမျိုးသမီးများအပေါ် ပုံစံမျိုးစုံနဲ့ ခွဲခြားဖိနှိပ်မှု မှန်သမျှကို တပြိုင်နက်တည်း ဆန့်ကျင် တွန်းလှန် တိုက်ခိုက်သွားနိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။