Home သတင်း နိုင်ငံတကာ အမျိုးသမီးနေ့တွင် ဖြတ်လေးဖြတ်ခေတ် အမျိုးသမီးရွာသူကြီးဟောင်း ၃၄ ဦးကို ဂုဏ်ပြု

နိုင်ငံတကာ အမျိုးသမီးနေ့တွင် ဖြတ်လေးဖြတ်ခေတ် အမျိုးသမီးရွာသူကြီးဟောင်း ၃၄ ဦးကို ဂုဏ်ပြု

1778

မတ်လ ၈ ရက်။ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယခင် စစ်အစိုးရ‌လက်ထက် ဖြတ်လေးဖြတ်ခေတ်ကာလတွင် ရွာသူကြီးအဖြစ် တာ၀န်ယူဖူးခဲ့သူ ဒေသခံကရင်အမျိုးသမီးကြီး ၃၄ ဦးကို ယနေ့ ကေအဲန်ယူ ဖားအံခရိုင် နဘူးမြို့နယ် သာယာကုန်း ကျေးရွာတွင် ပြုလုပ်သော နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ဂုဏ်ပြုမှု ပြုလုပ်ခဲ့သည်။

လက်နက်ကိုင် ပဋိပက္ခကာလအတွင်း ရပ်ရွာဒေသအတွက် ပုံစံမျိုးစုံဖြင့် အနစ်နာခံ အကာ အကွယ်ပေးခဲ့မှုအပေါ် အသိအမှတ်ပြုခြင်းနှင့် လူငယ်များ အတုယူ တတ် စေရန် ရည်ရွယ်၍ အသိအမှတ်ပြုဂုဏ်ပြုရခြင်းဖြစ်‌ကြောင်း ဖားအံခရိုင် စည်းရုံး ရေးနှင့် ပြန်ကြားရေး ဌာနမှူး ပဒိုနော်ရှီးဝါးက ယခုလို ‌ပြောသည်။

“ပြန်ကြည့်မယ်ဆိုရင် သူတို့က အနစ်နာခံ စွန့်လွတ်ခဲ့သူ‌တွေ။ ကျမတို့အတွက် ကတော့ သူရဲကောင်း တွေပါပဲ။ အခုဆို သူတို့က အတော်လေး အသက်အရွယ်ရ ကုန်ကြပြီးဖြစ်တဲ့အတွက် ကျမတို့ လူငယ်‌တွေအတွက် အတုယူစရာလည်း ဖြစ်စေသလို သူတို့ဆီကလည်း အတွေ့အကြုံ များစွာရတဲ့အတွက် အများကြီး သင်ခန်းစာရစေတယ် “ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ- ဖားအံခရိုင်အတွင်းရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ထီလုံ၊ နဘူးနှင့် ဒုံရင်းမြို့နယ် စသည့် မြို့နယ် ၅ ခုမှ ဒေသခံ ရွာသူအမျိုးသမီးသူကြီးများကို ဂုဏ်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ၃၄ ဦး အနက် ၂၉ ဦးသာ ယနေ့အခမ်း အနားသို့ တက်ရောက်နိုင်ခဲ့ကြသည်။

ဂုဏ်ပြုခံရသူ အသက်(၆၃) နှစ်အရွယ် ထို့ကော်ကိုး ဒေသခံ အမျိုးသမီးရွာသူကြီးဟောင်း နော်မီနာ က “အရင်က တခါမှ ဒီလို အသိအမှတ်ပြုတာ မရဖူးပါဘူး။ အခုလို အသိအမှတ်ခံရတော့လည်း အရမ်း၀မ်းသာမိတယ်။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ၎င်းအမျိုးသမီးရွာသူကြီးဟောင်းများ တာ၀န်ယူစဉ် ကာလတွင် မြန်မာစစ်တပ်၏ အနိုင်ကျင့်စော်ကားမှု ပုံစံမျိုးစုံကို တွေ့ကြုံ ခဲ့ဖူးသလို လက်ရှိ ကာလတွင် ၎င်းတို့ဒေသတွင် ယခင်လို ခေတ်ဆိုးစနစ်ဆိုး မကြုံရတော့ သည့်အပေါ် ၀မ်းသာမိကြောင်းလည်း အမျိုးသမီးရွာသူကြီးဟောင်း နော်မီနာ က ဆက်ပြော သည်။

ယခင် စစ်အစိုးရ လက်ထက် ကာလများတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ကရင်ပြည်နယ် ဒေသများတွင် စစ်တပ်မှ ကျေးရွာရှိ အမျိူးသားရွာသူကြီးများအပေါ် နည်းမျိုးစုံအနိုင်ကျင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများနှင့် အတင်းအဓမ္မ ခိုင်းစေမှုများ ပြုလုပ်ခြင်းကြောင့် ရွာသူကြီး တာဝန်မယူရဲကြသည့်အပေါ် ရွာခံအမျိုးသမီးများက ၎င်းတို့အစား တာ၀န်ယူပေးရခြင်းမှ အမျိုးသမီးရွာသူကြီး များ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

၁၀ နှစ်ကျော်ကြာ အမျိုးသမီးရွာသူကြီးတာ၀န်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၇၅ နှစ် အရွယ် နော်သရီကလည်း ” ကျမတို့ တုန်းကဆိုရင် ဗုံးသီး‌တွေ ထမ်းရတယ်။ သူတို့ခိုင်း သလို မရရင် ကြက်‌တွေ၊ ၀က်တွေ ပေးရတယ်။ တချို့ဆိုရင် ကျမကို ဗမာ စစ်တပ်မိန်းမလို့တောင် ‌ပြောတာ ခံခဲ့ရတယ်။ ကျမတို့က ဒေသအတွက် အနစ်နာခံ ပေးဆပ်ခဲ့ရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ အမျိုးသမီးကျေးရွာသူကြီးဟောင်းများသည် ကရင်ပြည်နယ်၏ ဒေသအစုံတွင် အများ အပြားရှိနေသော်လည်း အသိအမှတ် ပြုခံရမှုနည်းပါးကာ အမေ့ပျောက်ခံ ဘ၀များအနေဖြင့် သေဆုံးသွားခဲ့ရသူများလည်း ရှိခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မတ်လ ၈ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့တွင်လည်း ဖားအံခရိုင်ရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ထီလုံ၊ နဘူးနှင့် ဒုံရင်းမြို့နယ် ၅မြို့နယ်မှ အမျိုးသမီးရွာသူကြီး‌ဟောင်း ၅၄ ဦးကို ကရင်အမျိုးသမီး အစည်းအရုံး(KWO)က ဂုဏ်ပြုခဲ့သေးသည်။

ယနေ့ ပြုလုပ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ဂုဏ်ပြုခံရသည့် အမျိုးသမီးရွာသူကြီးဟောင်းများအပါအဝင် စုစုပေါင်း ဒေသခံ ကျေးရွာသား ၃၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး အမျိူးသမီးများနေ့ ပေါ်ပေါက်လာပုံ၊ သမိုင်း အကျဉ်းများနှင့် ဂုဏ်ပြုစကားများကို သက်ဆိုင်ရာ ဒေသခေါင်းဆောင်များက အသီးသီးပြောဆိုခဲ့ကြသည်။