Home သတင်း အမျိုးသားရေးတာဝန် ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးခေါင်းဆောင်များ ဂုဏ်ပြုခံရ

အမျိုးသားရေးတာဝန် ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးခေါင်းဆောင်များ ဂုဏ်ပြုခံရ

1112

မတ်လ ၈ရက်၊ ၂‌၀၂၂ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ မြို့နယ်အသီးသီးတွင် စစ်ရေးပဋိပက္ခ ပြင်းထန်သည့် ကာလ၌ အမျိုးသားရေးတာဝန်ကို ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများအား ကရင်အမျိုးသမီးအ စည်းအရုံး-KWO က မတ်လ ၈ရက်နေ့တွင် ဂုဏ်ပြုခဲ့သည်။

ယနေ့ ကျရောက်သော ၁၁၁ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ဒူးပလာ ယာခရိုင်၊ ဝင်းရေးမြို့နယ် ခလယ်စောကျေးရွာတွင် ခရိုင်အဆင့် စုပေါင်းကျင်းပကြရာ ကရင်အမျိုးသားရေး အတွက် ပေးဆပ်ခဲ့ကြသော နို့တကော၊ ကျုံဒိုး၊ ကော့ကရိတ်၊ ဝင်းရေးမြို့နယ်ရှိ ကျေးရွာများမှ အမျိုးသမီး ၁၅ဦးအား ဂုဏ်ပြုပွဲအစီအစဉ် ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင် KWO အကြံပေး နော်ဝါးက ပြောသည်။

သူမက “ခေတ်အဆက်ဆက်မှာ နိုင်ငံရေးအခြေအတွေကြောင့် ကျေးရွာသူကြီး ဥက္ကဋ္ဌနေရာမှာ အမျိုးသမီးတွေ ရဲဝံ့စွာ ပါဝင်လုပ်ကိုင်ခဲ့ကြတာ ခုချိန်ထိပါပဲ။ အမျိုးသားတွေက စစ်ဆေးမေးမြန်း ရိုက်နှက်ခံရတာ၊ ပေါ်တာဆွဲခေါ်ခံရတော့ ရွာသူကြီးတွေ မလုပ်ရဲကြတော့ဘူး။ အမျိုးသမီးတွေပဲ ဝင်လုပ်ရတယ်။ ပြောရဲဆိုရဲ တယ်။ သူတို့တွေရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုတာပါ။”ဟု ကေအိုင်စီသို့ ပြော သည်။

အဆိုပါ ဂုဏ်ပြုခဲ့ရသူများထဲတွင် စစ်ရေးပဋိပက္ခပြင်းထန်သည့်ကာလ၌ အမျိုးသားများ မလုပ်ရဲသည့် သူကြီးတာဝန်ကို ကျေးရွာအတွက် ကာကွယ်ရင်း တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး ရွာသူကြီးဟောင်းများအပြင် ကရင်အမျိုးသမီးအစည်းအရုံးတွင် ၁ဝနှစ်နှင့်အထက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အမျိုးသမီးများကိုလည်း အခမ်းအနားတွင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဂုဏ်ပြုခံရသူ အမျိုးသမီးရွာသူကြီးဟောင်း နန်းစိန်မြကြည်က “အခက်အခဲစိန်ခေါ်မှု ခရီးကြမ်းတွေ အများကြီး ကျော်ဖြတ်ခဲ့ကြရတယ်။ ကျမတို့အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာ စစ်ဘေးတိမ်းရှောင်နေရတာ တွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။ ကျမတို့လုပ်ဆောင်ခဲ့မှုအပေါ် ခုလိုဂုဏ်ပြုခံရတဲ့အတွက် အများကြီးခွန်အား ဖြစ်စေတယ်။”ဟု ပြောသည်။

ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားသို့ ကေအဲန်ယူ ခရိုင်အဆင့်၊ မြို့နယ် အဆင့်ခေါင်းဆောင်များနှင့် ကရင်အမျိုးသမီးခေါင်းဆောင်များ အပါအဝင် ဒေသခံ ၂၀၀ခန့် တက်ရောက်ခဲ့ ကြပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်းနှင့် ဂုဏ်ပြုခံ အမျိုးသမီးများ၏ ဆောင်ရွက်ချက်များအပေါ် အားပေးစကားများ ပြောကြားခဲ့သည်။

၁၉၀၈ခုနှစ်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံရှိ အမျိုးသမီးများက မဲပေးပိုင်ခွင့်နှင့် အလုပ်သမားအခွင့်အရေးများ အမျိုးသမီးတို့၏ အခွင့်အရေးများ ခံစားခွင့်ရရှိစေရန် ဆန္ဒထုတ်ဖော်တောင်းဆို ခဲ့ကြပြီးနောက် အမျိုးသမီးများ၏အခွင့်အရေး ဖော်ထုတ်မြှင့်တင်မှုရရှိစေရန် ရည်ရွယ်ပြီး မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် နိုင်ငံအသီးသီးက သဘောတူ သတ်မှတ်ခဲ့ကြသည်။