Home သတင်း နိုင်ငံတဝှမ်းမြို့တချို့တွင် တပတ်ကြာ ၂၄ နာရီ မီးဖျက်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် အလှည့်ကျ စနစ်ဖြင့် စတင်မီးပျက်နေ

နိုင်ငံတဝှမ်းမြို့တချို့တွင် တပတ်ကြာ ၂၄ နာရီ မီးဖျက်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် အလှည့်ကျ စနစ်ဖြင့် စတင်မီးပျက်နေ

1192

မတ်လ ၇ ရက် ၊ ၂၀၂၂ခုနှစ်။ကေအိုင်စီ

နိုင်ငံတဝှမ်းမြို့တစ်ချို့တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ထိ တစ်ပတ်ကြာ ၂၄ နာရီ မီးဖျက်မည်ဟု စစ်ကောင်စီက ယမန်နေ့ မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာပြီးနောက် ယနေ့တွင်မူ ကရင်ပြည်နယ် မြဝတီအပါအဝင် မြို့အတော်များများတွင် အလှည့်ကျစနစ်ဖြင့် မီးဖျက်နေကြောင်း သိရသည်။

ယနေ့ မီးပျက်မှုအခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နေ ပြည်သူတစ်ဦးက “ကျနော်တို့ ရပ်ကွက်မှာဆိုရင် ဒီနေ့ မနက် ၆ နာရီကနေ မနက် ၁၀ နာရီထိတစ်ကြိမ်။ မွန်းလွဲ ၂ နာရီကနေ ည ၆ နာရီထိ မီးပျက်တာဆိုတော့ အခုဆိုရင် တစ်ရက်တည်းမှာ မီးပျက်တာ ၂ ကြိမ် ရှိသွားပြီးပေါ့။ ကျနော်တို့ဘက်မှာ မီးပျက်တဲ့အချိန် အခြားရပ်ကွက်တွေမှာ မီးလာနေပါတယ်။ ဒါဟာ လျှပ်စစ်မီးရုံးကနေပြီး အလှည့်ကျ စနစ်နဲ့ မီးဖျက်နေတာဖြစ်တယ်”ဟု ပြောသည်။

လာမည့် မတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရက်သတ္တပတ်ကာလအတွင်း ဓာတ်အားပေးလိုင်းများအား ပြင်ဆင်ရန်ရှိသည့်အတွက် နိုင်ငံတဝှမ်း မြို့အချို့တွင် ၂၄ နာရီ မီးပျက်နိုင်ပြီး မြို့တစ်ချို့တွင် လျှပ်စစ်ဓာတ်အား ပမာဏကို ပုံမှန်ထက် လျော့နည်း ဖြန့်ဖြူးသွားမည်ဟု စစ်ကောင်စီလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့ မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လတ်တ လော အခြေအနေအရ LNG ဓာတ်အားပေး စက်ရုံများတွင် LNG ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှုကြောင့် မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်ထား ရကြောင်း၊ ဘီလူးချောင်းရေအား လျှပ်စစ်စက်ရုံမှထွက်ရှိသော ဓာတ်အားမှာလည်း ဓာတ်အားလိုင်းတချို့မှာ ဖောက်ခွဲခံ ထားရ၍ ပြင်ဆင်ရန် ကြိုးပမ်းနေရကြောင်း ဖော်ပြထားသည်။

ထို့အပြင် လက်ရှိတွင်ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊‌ ဇောတိကနှင့်ရွှေကမ်း လွန်စီမံ ကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ် နေကြောင်း၊ ထပ်မံတွေ့ရှိရသည့် သဘာဝဓာတ်ငွေ့တွင်းသစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အား ထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်းဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ယခင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား ၄၂၀၀ မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တော့ကြောင်း၊ သို့ဖြစ်၍ ဓာတ်‌ငွေ့ပိုက်လိုင်းသစ်များ သွယ်တန်း ရန်အတွက် ဓာတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဖြစ်ရာ ထိုသို့ ပြင်ဆင်နေစဉ် ရက်သတ္တပတ် ကာလအတွင်း လျှပ်စစ်ဓာတ်အား ၁၃၀၄ မဂ္ဂါဝပ် ထပ်မံ လျော့နည်းပြီး တစ်နိုင်ငံလုံးတွင် (၈၇၃) မဂ္ဂါဝပ်သာ ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတဝှမ်း အချို့နေရာများတွင် ၂၄ နာရီ လျှပ်စစ်မီးဖြတ် တောက်မှုများ ဖြစ်လာမည်ဟုလည်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားသည်။