Home သတင်း ဓားပြတိုက်ခံရပြီးနောက် ဖားအံ KBZ ဘဏ်ခွဲ(၁)ကို ငွေသွင်းငွေထုတ် ပိတ်ထား၊ ကျူးလွန်သူများကို ဖမ်းမမိသေး

ဓားပြတိုက်ခံရပြီးနောက် ဖားအံ KBZ ဘဏ်ခွဲ(၁)ကို ငွေသွင်းငွေထုတ် ပိတ်ထား၊ ကျူးလွန်သူများကို ဖမ်းမမိသေး

1373

မတ်လ ၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့၊ အမှတ်(၂)ရပ်ကွက် စျေးတန်းလမ်းရှိ ကမ္ဘောဇဘဏ်(KBZ)ခွဲ(၁)ကို မတ်လ ၄ရက်(သောကြာနေ့)၊ မွန်းလွဲ ပိုင်းက ဓားပြတိုက်ခံရမှုအပြီး မတ်လ ၇ရက်(ယနေ့) ရုံးဖွင့်ရက်တွင် ၎င်းဘဏ်ခွဲ၏ ငွေသွင်းငွေထုတ် ပုံမှန် လုပ်ဆောင် မှုကို ပိတ်ထားကြောင်း သိရသည်။

“စျေးသွားရင်း အဲဒီဘဏ်ရှေ့ဖြတ်တော့ ဝန်ထမ်းဆိုင်ကယ်တွေ ရပ်ထားတာတွေ့လို့ ဘဏ်ဖွင့်လားလို့ အစောင့်ကို သွား မေးတာ။ သူက ငွေသွင်းငွေထုတ်ချင်ရင် ဟိုဘက်ဘဏ်(ဘဏ်ခွဲ ၂)မှာ ရတယ်တဲ့။ ပြဿနာတက်ထားတော့ ဘယ် တော့ပြန်ဖွင့်မယ် အတိအကျ မပြောတတ်သေးပါဘူးတဲ့။”ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။

ဖားအံ KBZ ဘဏ်ခွဲ(၁) ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း အဆိုပါဘဏ်ခွဲမှ ဝန်ထမ်းများမှာ စာရင်းပြန်စစ်ဆေးရန် ရုံးတက်ကာ လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်၌ ဖားအံမြို့တွင် KBZ ဘဏ်ခွဲ နှစ်နေရာရှိပြီး KBZ ၏ ရွှေညောင်ပင် ဘဏ်ခွဲ(၂) အပါအဝင် ကျန်ဘဏ် များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ မြ၀တီဘဏ် စသည့်ဘဏ်များမှာ ပုံမှန် ဝန်ဆောင်မှု များ လုပ်ဆောင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၏ ပြောပြချက်အရ သိရသည်။

ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့်နေ့တွင် အခင်းဖြစ်ချိန်၌ရှိနေသည့် KBZ ဘဏ်ခွဲ(၁) ဝန်ထမ်းများကို ဘဏ်အတွင်း၌လည်း ကောင်း၊ ဘဏ်နှင့်မလှမ်းမကမ်းရှိ မြို့မရဲစခန်းသို့ခေါ်ယူ၍လည်းကောင်း စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သည် ဟု နီးစပ်သူများက ပြောဆိုသည်။

ဘဏ်ဝန်ထမ်းနှင့်ရင်းနှီးသူတစ်ဦးက “ဓားပြတိုက်ပြီးလို့ ရဲတွေရောက်လာတော့ ဝန်ထမ်းအားလုံးကို စစ်ဆေးတယ်။ ပြီး တော့ ရဲစခန်းကို ခေါ်သွားပြီးစစ်ဆေးတာ ညဘက် ၁နာရီလောက်မှ အိမ်ပြန်ရတယ်လို့ ပြောတယ်။ အဲဒါက ဖြစ်ချိန်မှာ ရှိနေတဲ့ ဘဏ်ဝန်ထမ်းတွေပေါ့။ နောက်ရက်မှာလည်း ကျန်တဲ့ဘဏ်ဝန်ထမ်းတွေကို ရဲစခန်းမှာခေါ်ပြီး စစ်ဆေးတာ တွေလုပ်တယ်လို့လည်း ပြောတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဘဏ်ဝန်ထမ်းတစ်ဦး၏ တဆင့်ခံ ပြောဆိုချက်အရ ဘဏ်အတွင်း ဝင်ရောက်လာသူများသည် တူညီဝတ်စုံများ ဝတ်ဆင် ထားကြပြီး ပုံမှန် ဘဏ်ပိတ်ချိန် မွန်းလွှဲ ၂နာရီကျော်ကျော်တွင် ဝင်ရောက်လာခြင်း၊ ရောက်ရှိသည်နှင့် CCTV ကင်မရာ များကို ဖျက်ဆီးကာ ဘဏ်ဝန်ထမ်းများ၏ ဖုန်းများကို သိမ်းယူခြင်း၊ ပစ္စတိုသေနတ်ကို အသုံးပြုခြင်း၊ ဝန်ထမ်းအချို့ကို သေနတ်ထောက်ကာ ဘဏ်အတွင်း သေနတ်နှစ်ချက် ပစ်ဖောက်ခြိမ်းခြောက်ခြင်း၊ ငွေကြေးများကိုယူဆောင်ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KBZ ဘဏ်ခွဲ(၁) ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မကြာခင် အချိန်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ကား များဖြင့် ရောက်ရှိလာကြပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်အနီးဝန်းကျင်ရှိ နေအိမ်များကိုလည်း မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သို့သော် အခင်းဖြစ်ပွားချိန်တွင် ရပ်ကွက်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်နေသဖြင့် အနီးဝန်းကျင် စျေးဆိုင်များ၊ နေအိမ်များမှာ မီးစက်မောင်းကာ အသုံးပြုနေကြသလို ဘဏ်အနီးတွင်လည်း မင်္ဂလာဆောင်ပွဲရှိသဖြင့် ဘဏ်အတွင်း ဖြစ်ပျက်မှုများကို ရပ်ကွက်တွင်း နေထိုင်သူ မည်သူကမျှ မသိရှိလိုက်ဘဲဖြစ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဆိုင်ရှင်တစ်ဦးက “ဓားပြတိုက်သွားတာ သိတောင် မသိလိုက်ဘူး။ ကျမတို့က ကိုယ့်ဆိုင်ထဲမှာပဲ စျေးရောင်းတော့ အဲဒီ မှာဘာဖြစ်တာ မသိဘူး။ နောက်ပြီး မီးပျက်လို့ မီးစက်မောင်းထားတာ မီးစက်သံပဲ ကြားရတယ်လေ။ နောက်မှ သူများ ပြောလို့ သိရတာ။”ဟု ဆိုသည်။

ဖားအံမြို့ KBZ ဘဏ်ခွဲ(၁)တွင် ဓားပြတိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ရာတွင် Mask တပ်ထားသည့် အမျိုးသား(၁၀)ဦးက အဖြူရောင် Hi-Jet ကားဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ခြိမ်းခြောက်ပစ် ခတ်ကာ ဘဏ်အတွင်းရှိ ငွေကျပ်သိန်းပေါင်း ၂,၃၀၀ကျော် (၂၃၀,၄၅၇,၈၀၅)ကို ယူဆောင်သွားခဲ့သည်ဟု ပါရှိသည်။

ထို့အပြင် ဘဏ်အတွင်းရှိ CCTV ကင်မရာများ၊ VIEW SONIC မော်နီတာ (၁၂)လုံး၊ CANNON ပရင်တာ (၂)လုံး၊ GLORY အမျိုးအစား ငွေရေစက် (၄)လုံးတို့ကို ဖျက်ဆီးသွားခဲ့ပြီး DELL လက်ပ်တော့ပ်ကွန်ပျူတာ (၂)လုံး၊ CCTV အထိုင်စက်ကို ယူဆောင်သွားသည်ဟု ဖော်ပြပါရှိသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဓါးပြတိုက်သူများက ဈေးတန်းလမ်းမှ အမှတ်(၂)ရပ်ကွက်၊ ဆယ်အိမ်စုကျေးရွာဘက် သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ထိုသူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သို့သော် ဘဏ်ဓားပြတိုက်ပြီး သုံးရက်မြောက်နေ့ဖြစ်သည့် မတ်လ ၇ရက်နေ့အထိ အဆိုပါကျူးလွန်သူများကို ဖမ်းဆီးရ မိခြင်းရှိမရှိ မကြားသိရသေးသလို မြို့ခံအချို့မှာ ထိုကိစ္စကို စိတ်ဝင်စားခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ၏ လုပ်ဆောင်ချက်သာဖြစ်ကြောင်း မှတ်ချက်ပြု ဝေဖန်နေကြသော်လည်း ကေအိုင်စီက သီးခြား အတည်ပြုချက် မရရှိ ခဲ့ပေ။