Home သတင်း ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ခွာကြရန် KNU အသိပေး

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ခွာကြရန် KNU အသိပေး

1683

မတ်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံး မိမိတို့ နေထိုင်ရာ ဒေသအသီးသီးသို့ စာထုတ်ပြန်သည့် ရက်မှစ၍ ထွက်ခွာသွားကြရန်နှင့် ဒေသခံ၊ မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်းမှ နုတ်ထွက်ရန် ကေအဲန်ယူ-ကောကရိတ်မြို့နယ်က မတ်လ ၁၇ရက်နေ့စွဲဖြင့် အသိပေး ထုတ်ပြန်လိုက်သည်။

ယခု အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မိမိတို့အနေနှင့် တာဝန်ယူနိုင်မည်မဟုတ်ကြောင်း အသိပေးအကြောင်းကြား အပ်ပါသည်ဟု KNU၏ အသိပေးထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုနှင့် မှားယွင်းသော လုပ်ရပ်များကို ပြည်တွင်းပြည်ပ ပြည်သူလူထုများမှ နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်နေကြသည်မှာ ကမ္ဘာအသိဖြစ်ကြောင်း၊ ထို့ကြောင့် ကေအဲန်ယူ ဒူးပလာ ယာခရိုင်၊ ကော့ကရိတ်နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယားလည်ပတ်မှု ရပ်တန့်သွားစေရေးအတွက် ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီများနှင့် မြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA- တပ်ရင်းအမှတ် ၁၈၊ ၂၇၊ ၁၀၃၊ ၂၀၁ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO လုံခြုံရေးတပ်ရင်းနှင့် တပ်မဟာ စစ်ကြောင်း ခေါင်းဆောင်များ ညှိနှိုင်းသဘောတူညီချက်အရ ယခုအသိပေးစာကိုထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။