Home သတင်း KNU ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်နေရသူ တိုးလာနေ

KNU ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် စစ်ဘေးရှောင်နေရသူ တိုးလာနေ

956

မတ်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ )အတွင်း စစ်ဆင်ရေးအသွင်ဖြင့် စစ်ကောင်စီ စစ်ကြောင်းများ နေရာစုံဝင်ရောက် တိုက်ခိုက် လာနေမှုကြောင့် ဒေသတွင်း တိုက်ပွဲများလွတ်ရာ နေရာများသို့ စစ်ဘေးရှောင်ကြရသူ ဒေသခံတစ်သောင်းနီးပါးအထိရှိလာနေပြီဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေ သူများက ပြောသည်။

တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်များ ပြန်ဆုတ်ခွာရန် KNU က မတ်လ ၇ ရက်နေ့တွင် စာထုတ် အပြီး စစ်ကောင်စီဘက်မှ အင်အားတိုး စစ်ဆင်ရေး အသွင်ဖြင့် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ စစ်ကြောင်းများ နယ်မြေကျော်လွန်ဝင်ရောက် တိုက်ခိုက်လာနေသည့်အတွက် မြဝတီ၊ လေးကေကော်၊ ကော့ကရိတ်၊ သေ့ဘောဘိုး၊ ဝေါလေ၊ စုကလိ၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးနှင့် အာရှလမ်းသစ် နေရာတို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဥ်လိုလိုဖြစ်ပွားလျက်ရှိသည်။

ယမန်နေ့ မတ်လ ၁၉ ရက်တွင် ကော့ကရိတ်တောင်ပိုင်း အံဖကြီးကျေးရွာ နှင့် မြဝတီကွင်းကလေး ကျေးနယ်အပိုင် တုံးတံတား၊ ကျောက်တောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ယနေ့နံနက်ပိုင်းက လေးကေကော် အမြှောက်ကုန်းအနီးတွင်လည်း တိုက်ခိုက်ပစ်ခတ်မှုများ ဖြစ်ပွားနေသောကြောင့် ဒေသတွင်း တိုက်ပွဲများလွတ်ရာ နေရာများသို့ စစ်ဘေးရှောင်ကြရသူ ဒေသခံတစ်သောင်းနီးပါးအထိရှိလာနေပြီဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ယခုလို ပြောသည်။

“ဒီ မတ်လ ဆန်းရက်ကတည်းက လေးကေကော်နဲ့ ကော့ကရိတ်က ရက်ခြား ဆိုသလို ရွာတွေဘက်မှာ တိုက်ပွဲ ဖြစ်နေတာကနေ အခုဆို နေရာစုံမှာ ဖြစ်လာနေပြီ၊ နေရာစုံဖြစ်လာတော့ ကျေးရွာတွေက ရွာသားတွေ နီးစပ်ရာ တိုက်ပွဲလွတ်မယ်ထင်တဲ့ ရွာတွေ ဘုရားကုန်းတွေ၊ ဘုန်းကြီး ကျောင်းတွေဘက်ကို အစုလိုက် စစ်ရှောင် နေကြရတယ်။ ဘယ်တော့ တိုက်ပွဲဖြစ်မယ် ကြိုမသိရတဲ့ အခြေအနေမှာ ပြေးကြရှောင်ကြရတာ ဆိုတော့ နေရာထိုင်ခင်းတို့၊ စားစရာတို့ ပါမလာတာ များကြတယ်၊ “ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကော့ကရိတ်တောင်ပိုင်းနှင့် တောင်ကြာအင်းဘက်တွင် စစ်ရှောင်ဒေသခံ ရွာသားနှစ်ထောင် နီးပါးအပြင် လေးကေကော်၊ ကျောက်ခက်၊ ဝေါလေစစ်ဘေးရှောင် ဒေသခံခြောက်ထောင်ကျော်နှင့် ကြာအင်း ဆိပ်ကြီး၊ စုကလိ၊ ကနဲလေးဒေသများမှ စစ်ရှောင်များအပါ အဝင် ခန့်မှန်းခြေ စစ်ဘေးရှောင် ပြည်သူတစ်သောင်းဝန်းကျင်ပြန်ရှိလာနေသည်ဟု စစ်ရှောင်ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

KNU ဒူးပလာယာ ခရိုင်၊ ကော့ကရိတ် မြို့ နယ်အတွင်းမှ စစ်ကောင်စီအုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများလုံး ထွက်ခွာကြရန် မတ်လ ၁၇ ရက်နေ့စွဲဖြင့် သတိပေးစာထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်၊ ကရင်နယ်ခြားစောင့်တပ်-BGFများသည် ကော့နွဲ ၊ အံဖကြီး၊ တောင်ကြာအင်းနှင့် လောင်းကိုင် ကျေးရွာများဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် စစ်ကြောင်းထိုးလာသည့်အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု မြေပြင်သတင်းအရ သိရသည်။

ကော့ကရိတ်တောင်ပိုင်းဘက်တွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ များသည် လက်ရှိ အံဖကြီးကျေးရွာဘုန်းကြီးကျောင်းကို အကာအကွယ်ယူပြီး ကျောင်းဝင်းထဲတွင် တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ မူတြော်(ဖာပွန်)၊ ဒူးပလာယာနှင့် ဖားအံစသည့် ခရိုင် ၇ခုတွင် စစ်ဘေးရှောင် ပြည်သူဦးရေ ၁၄၀,၀၀၀ ကျော်ရှိသည်ဟု ကရင်အမျိုးသမီးအစည်းအရုံ-KWO၏ ပြုစုထားသည့် စာရင်းအရ သိရသည်။