Home သတင်း အာဝါဒေးပွဲပြန်လာသည့် BGF တပ်ဖွဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ (၅)ဦး ဒဏ်ရာရရှိ

အာဝါဒေးပွဲပြန်လာသည့် BGF တပ်ဖွဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ (၅)ဦး ဒဏ်ရာရရှိ

1407

ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ်၊ မင်းဇီကျေးရွာအုပ်စုရှိ မင်းဇီ-ဂါတ္တဲ(ကုလားစု)ရွာချင်းဆက်လမ်းပေါ်တွင် ဖေဖော်ဝါရီလ ၂၄ရက် ညက အာဝါဒေး(လောင်းကစား)ပွဲမှ ပြန်လာသည့် နယ်ခြားစောင့်တပ် BGF အမှတ်(၁၀၁၂)တပ်ရင်းမှ တပ်ဖွဲ့ဝင်ကားမှာ မိုင်း ဆွဲတိုက်ခိုက်ခံရပြီး BGF တပ်ဖွဲ့ဝင် (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါ BGF တပ်ရင်းမှ ဗိုလ်ငြိမ်းဦးဆောင်သည့်အဖွဲ့သည် မင်းဇီ-ပအိုဝ်းစု ဘုရားပွဲတွင် ကျင်းပသည့် အာဝါဒေးပွဲမှ ပြန် လာခြင်းဖြစ်ပြီး မင်းဇီ-ဂါတ္တဲရွာ(ကုလားစု)ရွာထိပ်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရကာ သုံးမိနစ်ကြာ အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားခဲ့ရာက ဒဏ်ရာရရှိခဲ့သည့် ၅ဦးအနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်သည့်အဖွဲ့မှာ စစ်ကောင်စီလက်အောက်တွင် မနေချင်တော့သည့်အတွက် ပြည်သူ့ဘက်က ရပ်တည်လိုသည့် BGF တပ်ဖွဲ့ဝင်များဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဗိုလ်ငြိမ်းဆိုသူကို သတိပေး သည့်အနေဖြင့် ယခုလို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း BGF မှ ထွက်လာသည့် တပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီ သို့ အတည်ပြု ပြောဆိုသည်။

“ဗိုလ်ငြိမ်းက စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရွာမှာရှိတဲ့လူငယ်တွေကို စစ်သားသစ် စုဆောင်းတယ်။ ပြီးတော့ ဆန္ဒပြတဲ့ လူငယ်တွေကို စကစကိုတိုင်ပြီး အိမ်အထိ လာပြီးဖမ်းတာတွေရှိတယ်။ ကလေးတွေက ထွက်ပြေးလွတ်မြောက်သွားလို့ ပေါ့။ စစ်ကောင်စီက ကျနော်တို့ကို ကရင်အချင်းချင်း ခွပ်ခိုင်းတယ်။ ကျနော်တို့က ဒါကို လက်မခံဘူး။ ပြည်သူဘက်ကို ပဲ ရပ်တည်တာဖြစ်တဲ့အတွက် ခွဲထွက်သွားတာဖြစ်တယ်။”ဟု ပြည်သူ့ဘက်တော်သား ခွဲထွက် BGF အဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဗိုလ်ငြိမ်းကိုယ်တိုင် မောင်းလာသည့်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါကျေးရွာများတွင် စစ် ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာလှည့်လည်ကာ စစ်ဆေးမှုများလာသဖြင့် ဒေသခံများမှာ သတိနှင့် သွားလာနေထိုင်ရသည်ဟု သိရသည်။

မင်းဇီကျေးရွာအုပ်စုရှိ ဒေသခံတစ်ဦးက “ပစ်ခတ်မှုဖြစ်တာ ဟုတ်တယ်။ သူတို့က ပအိုဝ်းစုဘုရားပွဲက ပြန်တဲ့အချိန် မိုင်း ဆွဲတိုက်ခိုက်ခံရတယ် ကြားတယ်။ ပွဲနောက်ဆုံးညမှာ ပစ်ခတ်သံ ကြားရတယ်။ အခုရွာတွေမှာ လိုက်စစ်ဆေးတယ်လို့ ပြောတာကြားတယ်။ ကျနော်တို့ရွာမှာတော့ ဝင်ထွက်စစ်ဆေးတာ မရှိသေးဘူး။ ခုဏကပဲ အရပ်ဝတ်နဲ့ မျက်နှာစိမ်းနဲ့ စစ်သားတွေ ရွာမှာ လိုက်ပတ်တာတွေ့ရတယ်။”ဟု ဖေဖော်ဝါရီ ၂၆ရက်၊ ညဦးပိုင်းက ကေအိုင်စီသို့ ပြောသည်။

မင်းဇီ-ပအိုဝ်းစုရွာတွင် ဘုရားပွဲကို အာဝါဒေးလောင်းကစားဝိုင်းများနှင့်အတူ ဖေဖော်ဝါရီ ၂၄ရက်နေ့အထိ ဆယ်ရက် ကျော်ကြာကျင်းပခဲ့ရာ အဆိုပါ အာဝါဒေးပွဲတွင် ဗိုလ်ငြိမ်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ပွဲလုံခြုံရေး တာဝန်ယူပေး နေခဲ့ပြီး ပွဲနောက်ဆုံးညတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်းလည်း ဒေသခံထံမှ သိရသည်။

ထိုဒေသတွင် အာဏာရှိသည့် နယ်မြေခံ BGF တပ်မှ ပွဲကန်ထရိုက်ယူကာ အာဝါဒေးပွဲများ မကြာခဏ ကျင်းပသည့်အ ပြင် နေ့ပိုင်းတွင် ကြက်တိုက်ဝိုင်းများလည်း ကျင်းပနေကြသလို ဗိုလ်ငြိမ်းမှာ ယင်းနယ်မြေကိုတာဝန်ယူထားသည့် BGF တပ်မှူးတစ်ဦးဖြစ်သည်ဟု ပြောဆိုနေမှုများရှိသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ၎င်းကျေးရွာအုပ်စုရှိ ပေါ့ထော်ကျေးရွာမှ မိုင်တဲ(Mytel) ဖုန်းတာဝါတိုင် မီးရှို့ တိုက်ခိုက်ခံရသည့်နောက်တွင် အနီးကျေးရွာရှိ မိုင်တဲဖုန်းတိုင် ဖျက်ဆီးခံရမှု မရှိစေရေးအတွက် လူထုကို အလှည့်ကျ လုံခြုံရေးယူရန် ဗိုလ်ငြိမ်းက ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများကို အမိန့်ပေးခဲ့သလို ကျေးရွာလုံခြုံရေး အကြောင်းပြ ချက်နှင့် ရွာသားလူငယ်များကို BGF တပ်ထဲဝင်ရန် စည်းရုံးနေကြောင်းလည်း ဒေသခံအချို့က ပြောဆိုသည်။