Home ကဗျာ နဂါးငွေ့တွေ ဖယ်ရှားကြမယ် (ကဗျာ)

နဂါးငွေ့တွေ ဖယ်ရှားကြမယ် (ကဗျာ)

1306
Photo: Internet

နဂါးငွေ့တွေ ဖယ်ရှားကြမယ်

· နဂါးငွေ့တန်းဟာ
အရှေ့ရပ်ဝန်းကို ဦးတည်လို့…
စီးနေတဲ့ သွေးကြောတွေကို ပိတ်စေတယ်။

· ရာသီစာရဲ့ရိုက်ခတ်မှုက
နည်းနည်းနောနောမှ မဟုတ်တာ
လေဖြန်းထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ…
အသတ်ခံထားရတဲ့ စိတ်အာရုံများ…
အလင်းမဲ့ညရဲ့လောဘများ…
နဂါးငွေ့ဟာ
နေပူဆာလှုံလို့မရဘူး…
အရည်ပျော်သွားလိမ့်မယ်
တူးချစ်သွားလိမ့်မယ်။

· စာနာစိတ်က
စိတ်ကိုမွန်းကြပ်စေတယ်
ဧည့်ဝတ်ကျေတဲ့ဂုဏ်က
ဒဏ်ရာဒဏ်ချက်တွေ ကျန်စေတယ်
ခွဲတမ်းရဲ့နောက်မှာ
အညာခံရဖန်များတော့
တစ်ခါတစ်ခါ
လေဖြန်းခံရသလို
စိတ်က ဦးမဆောင်နိုင်တော့ဘူး
ရွက်ဝါကြွေတာကို ကြည့်ရင်း…
ဒါ…နွေဦးပါလားလို့…
စိတ်က မှတ်လိုက်တယ်။

· နာရီလက်တံက
အလွမ်းတွေခြွေလို့…
အလွမ်းတွေက
အတိတ်ပန်းချီတွေကို မြင်ယောင်လို့…
တစ်နှစ်တာရဲ့ ခြေရာများဟာ
ကဗျာတွေ မဖွဲ့နိုင်တော့ဘူး
လက်တွေ့ မဆန်တဲ့ အိပ်မက်တွေက
စိတ်ကို နှိပ်စက်လွန်းတယ်။

· တစ်ခါတစ်ခါ
ဥသြဟာ သူ့ဘာသာသူတွန်ပါစေ…
သွားလွမ်းမနေနဲ့…
သွားသနားမနေနဲ့…
သူ့ဝမ်းသူရှာ သူတွန်နေတာပါ
အရေးကြီးတာ
ဒီနေ့ မနက်ဖြန် သန်ဘက်ခါ
ရိက္ခာတွေစုထားကြမယ်
မူဝါဒတွေဆုပ်ကိုင်ထားကြမယ်
နဂါးငွေ့တွေ ဖယ်ရှားကြမယ် ။ ။

အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
၂၇ ·၂· ၂၀၂၂