Home သတင်း မြိုင်ကြီးငူဒေသတွင် ဖာပွန်ဒေသခံများ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းကျော် ရှိလာ

မြိုင်ကြီးငူဒေသတွင် ဖာပွန်ဒေသခံများ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းကျော် ရှိလာ

1532

ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူဒေသ၌ လက်ရှိအချိန်တွင် စစ်ရှောင်ဦးရေမှာ တစ်သောင်းကျော်ရှိလာပြီး ထိုအထဲတွင် ဖာပွန်ဒေသမှ စစ်ရှောင်များလည်းပါဝင်ကြောင်း ၎င်းဒေသရှိ စစ်ရှောင်စာရင်း ပြုစုထားသူများ၏ ပြောဆို ချက်များအရ သိရသည်။

ယင်းသို့ စစ်ရှောင်လူဦးရေတိုးလာခြင်းမှာ ကေအဲန်ယူနယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ(၅)ထဲတွင် စစ်ရေးပြင်း ထန်လာကတည်းက ယနေ့အချိန်ထိ ပစ်ခတ်မှု နေ့စဉ် နီးပါးဖြစ်ပွားနေသဖြင့် ကျေးရွာလူထုများမှာ မိမိတို့ရွာထဲတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရင်း လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသထဲသို့ တဖြည်းဖြည်း တိမ်းရှောင်ရောက် ရှိလာခြင်းဖြစ်သည်။

ဖာပွန်ဒေသမှ စစ်ရှောင်များသည် ပြီးခဲ့သည့်နှစ်မှစ၍ ယခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆက်တိုက်ရောက်ရှိလာကြသူများ ဖြစ်ကြပြီး မြိုင်ကြီးငူထဲတွင် အချို့ရောက်ရှိသလို မြိုင်ကြီးငူတစ်ဖက်ကမ်း အုန်းတောကျေးရွာနှင့် ကမမောင်းမြို့တွင် လည်း ဝင်ရောက်ခိုလှုံနေထိုင်သူများရှိသည်ဟု ၎င်းစစ်ရှောင်စခန်း၌ ရှိထားနှင့်သူထဲမှ စာရင်းပြုစုနေသူများက ပြောဆို သည်။

အမည်မဖော်လိုသူ စာရင်းကောက်ထားသူ စစ်ရှောင်တစ်ဦးက “စာရင်းအကုန်တော့ မရဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် တိုက်ပွဲ ပြန်ပြင်းထန်လာတဲ့အချိန်ကစပြီး အခုထိဆိုရင်တော့ မြိုင်ကြီးငူ အပါအဝင် ဒီအနီးနားမှာ စစ်ရှောင်တော်တော် များများ ရောက်လာတယ်။ အခုလည်း အဆက်မပြတ် မိသားစု တစ်စုစ၊ နှစ်စုစ အမြဲပဲ ပြန်လာတယ်။ အခုက ပိုများ လာတယ်။ အခု စာရင်းက မကောက်ရသေးဘူး။ စားတာသောက်တာတွေကတော့ ရှိတာနဲ့ ဝေမျှပေးရတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

မြိုင်ကြီးငူစစ်ရှောင်စခန်းများဖြစ်သည့် ကျောက်စာကွင်း၊ မြတ်ပန်းဝတ်မှုံနေရာများကို ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)ဟူ၍ ပြန်သတ်မှတ်ထားခဲ့ပြီး ထိုနေရာသုံးနေရာတွင် နဂိုရှိနေဆဲ စစ်ရှောင်များက နေထိုင်လျှက်ရှိရာ အိမ် ထောင်စု ၇၀၀ကျော်တွင် လူဦးရေ ၄၀၀၀ကျော်ရှိသည်ဟုလည်း ၎င်းက ပြောပြသည်။

မူလစစ်ရှောင်ဦးရေနှင့် ဖာပွန်ဒေသမှ ထပ်မံ ရှောင်တိမ်းရောက်ရှိလာသည့် လူဦးရေစုစုပေါင်းမှာ ဖေဖော်ဝါရီလ ၂၃ရက် နေ့အထိဆိုလျှင် တစ်သောင်းကျော်ရှိပြီဖြစ်ပြီး အချို့သော ဖာပွန်စစ်ရှောင်အချို့မှာ မိမိတို့ရွာနှင့်နီးသဖြင့် သွားလိုက် ပြန်လိုက် လုပ်နေကြသူများကိုမူ လူဦးရေစာရင်း ကောက်ခံရန်ခက်ခဲကြောင်း သိရသည်။

သို့သော် ဖာပွန်ဒေသမှ တိမ်းရှောင်လာသည့် စစ်ရှောင်များ နေထိုင်ရန်ကိုမူ နေရာထိုင်ခင်း သီးသန့် ဆောက်ပေးထား နိုင်ခြင်းမရှိဘဲ ရပ်ကွက်အတွင်းမှ အသိမိတ်ဆွေနေအိမ်များ၌လည်းကောင်း၊ အချို့မှာ အိမ်ရှင်ကိုခွင့်တောင်းကာ အိမ် အောက်နှင့် ခြံဝင်းထဲတွင် တဲဆောက်ကာ ခိုလှုံနေထိုင်ကြသည်ဟု မြိုင်ကြီးငူတွင် အရင်ရောက်ရှိခဲ့သည့် စစ်ရှောင် တစ်ဦးက ပြောသည်။

မြိုင်ကြီးငူဒေသ၌ ၂၀၁၇ကတည်းက မယ်သဝေါဒေသဘက်မှ စစ်ဘေးရှောင်ကာ ရောက်ရှိလာခဲ့သူများအပြင် ၂၀၂၁ခု နှစ်နှင့် ၂၀၂၂ခုနှစ်တွင် ထပ်မံ ရောက်လာသည့် ဖာပွန်ဒေသ စစ်ဘေးရှောင်သူများပါ တိုးများလာရာ ၎င်းတို့အတွက် နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့များက စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းအချို့ သွားရောက်ထောက်ပံ့ခြင်း လည်းရှိသည်ဟု သိရသည်။

“နိုင်ငံတကာအဖွဲ့တွေက လာထောက်ပံ့တာရှိတယ်။ စစ်ရှောင်က များတယ်ဆိုတော့ လောက်တော့ မလောက်ဘူးပေါ့။ ဒါပေမယ့် မျှပြီးဝေရတာပေါ့။ အိုးခွက်ပန်းကန်တွေဆိုရင် အသစ်ရောက်လာတဲ့လူတွေက ပိုလိုအပ်တော့ စာရင်းထဲမှာ သူတို့မပါသေးလည်း ပြန်ထောက်ပံ့ပေးရတာတို့ ရှိတယ်။ အုန်းတောဘက်မှာရောက်တဲ့ မိသားစုတချို့ကိုလည်း သွား ဝေပေးတာတို့ရှိတယ်။”ဟု မြိုင်ကြီးငူရှိ စစ်ရှောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် မြိုင်ကြီးငူဒေသရှိ မူလ စစ်ရှောင်ဦးရေ ၄၀၀၀ကျော်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာမဟာမင်းကြီးရုံး(UNHCR)က အရေးပေါ် အသုံးဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း၊ ကမ္ဘာ့စား နပ်ရိက္ခာအစီအစဉ်(WFP)ကလည်း အဆိုပါဒေသရှိ လူဦးရေ ၆၈၀၀ကျော်ကို ဆန်ရိက္ခာ ထောက်ပံ့ပေးခြင်းရှိကြောင်း ၎င်းတို့၏အွန်လိုင်းစာမျက်နှာတွင် အသီးသီး ထုတ်ပြန်ထားသည်။

ဖာပွန်ဒေသရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်သည့်အပြင် နယ်မြေခံ KNLA တပ်ဖွဲ့ နှင့် ပစ်ခတ်မှုဖြစ်တိုင်း လက်နက်ကြီးနှင့် ကျေးရွာထဲ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံလူထု၏ နေအိမ်များ ပျက်စီး သွားသည့်အပြင် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအပြင် ဒေသခံလူထုအများစုမှာ မြိုင်ကြီးငူဒေသနှင့် အခြားဒေသ များသို့ သွားရောက်တိမ်းရှောင်နေကြရဆဲဖြစ်သည်။

နောက်ဆုံးရရှိသည့်သတင်းအရ စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုနှင့် အရပ်သားများနေအိမ်ပေါ်သို့ လက်နက်ကြီးများ တရစပ် နေ့စဉ်ပစ်ခတ်မှုကြောင့် ဖာပွန်မြို့ခံ ၈၁ဦးမှာ ကား ၁၉စီး၊ ဆိုင်ကယ် ၁၁စီးဖြင့် ကမမို(ကမမောင်း) ဒေသဘက် သို့ ဖေဖော်ဝါရီလ ၂၆ရက်၊ မနက် ၈နာရီအချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု မူတြော်သတင်းစဉ်က ယနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။