Home သတင်း လေးကေကော် စစ်ရှောင်စခန်း၌ အိုမီခရွန်သံသယလူနာများ စောင့်ကြည့်ကုသရန် ကွာရတင်းစင်တာ ဆောက်လုပ်ပြင်ဆင်နေ

လေးကေကော် စစ်ရှောင်စခန်း၌ အိုမီခရွန်သံသယလူနာများ စောင့်ကြည့်ကုသရန် ကွာရတင်းစင်တာ ဆောက်လုပ်ပြင်ဆင်နေ

960

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်ဒေသ စစ်ရှောင်စခန်းရှိ အိုမီခရွန် ကူးစက်ရောဂါ သံသယလူနာများအား သီးသန့်စောင့်ကြည့်ကုသရန် လက်ရှိအချိန်တွင် ကွာရတင်းစင်တာ ဆောက်လုပ်ပြင်ဆင်နေသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လေးကေကော်ဒေသ စစ်ဘေးရှောင်စခန်း အစုအဖွဲ့အလိုက် နေထိုင်စစ်ရှောင်နေရ သူများအကြားတွင် အိုမီခရွန် ကူးစက်ရောဂါ သံသယလူနာ ၅၀ ဝန်းကျင်ခန့် ပိုးတွေ့သံသယလူနာအဖြစ် စစ်ဆေးတွေ့ရှိပြီးနောက်ပိုင်း ၎င်းတို့အား သီးသန့် ထားစောင့်ကြည့်ကုသရန် ကွာရတင်းစင်တာဆောက်လုပ်ပြင်ဆင် နေခြင်းဖြစ်သည် ဟု စစ်ရှောင်စခန်းမှ ကျန်းမာရေးအကူအညီပေးနေသူတစ်ဦးက ပြောသည်။

၎င်းက “နေကပူတာ ရက်ဆက်လာတော့ တာလပတ် အမိုးတွေ ပြဲတာ၊ ကွဲတာ ဖြစ်လာတော့ နေထိုင်ရေး အဆင်မပြေဘူး။ ပိုးတွေ့ လူနာများလာနေတော့ လူနာ ထားဖို့က အင်ဖတ်အမိုးနဲ့ ဝါးကွက်ပြစ်တွေ ဆောက်ပြီး သီးသန့်တစ်ဆောင်ထားဖို့ လုပ်နေပါတယ်။ အမိုးအကာအတွက်က သစ်ဝါးအင်ဖက်တွေ လိုတယ်။ ထိုင်းဘက်က မြန်မာအဖွဲ့တွေက သူတို့ နိုင်သလောက်။ အမိုးအကာတွေတော့ လာပို့ပေး တာရှိပေမယ့် လိုအပ်တာတွေတော့ ရှိနေပါသေးတယ်”ဟု ပြောသည်။
လေးကေကော်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူကျေးရွာ အစု အဖွဲ့အလိုက် နေထိုင်နေကြသည့် စခန်း ၁၀ ခုခန့်တွင် လက်ရှိ စစ်ရှောင်ဦးရေ ၅၈၀၀ကျော် ရှိနေဆဲဖြစ်သည်ဟု စစ်ရှောင်ကူညီသူများ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

အဆိုပါ စစ်ရှောင်များသည် တာလပတ် ယာယီနေရာထိုင်ခင်းများဖြင့် မြေကြီး ပေါ်တွင် တာလပတ်ခင်းကာ နေထိုင်၊ အိပ်စားနေရသည့်အတွက် ကျန်းမာရေးညီ ညွတ်မှုမရှိဘဲ မကြာခဏဖျားနာ အအေးပတ်ရောဂါ ဖြစ်ပွားလေ့ ရှိကြသဖြင့် အင်ဖက်မိုး၊ ဝါးကွက်ပြစ်ဆင့်အခင်းအကာများဖြင့် ဆောက်လုပ်နေ ထိုင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ညဆို နှင်းငွေ့ မြူငွေ့တွေ ရိုက်တော့ တာလပတ်တွေ စိုတာပေါ့။ နေ့ဘက်ကျတော့ နေကပူ၊ မြေငွေ့ရိုက်တော့ နေထိုင်မကောင်းဖြစ်ကြတယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အဆင်မပြေဘူး၊ ပုခက်တွေနဲ့ အိပ်တော့လည်း ကြာရှည် မအိပ်နိုင်ကြဘူးလေ။ အခု အိုမီခရွန် ပိုးတွေ့ လူနာတွေရှိလာတော့ သူတို့ နေဖို့ထား ဖို့က ကွာရတင်းစင်တာ အဆောင်မျိုးဆောက်ဖို့ ကျနော်တို့ ဝိုင်းလုပ်နေတယ်။ နောက် မိသားစုတွေအလိုက် အဲ့လိုဖက်မိုးဖက်ကာ ဝါးဆင့်ကြမ်းခင်းလေးနဲ့ နေနိုင်အောင် အကူအညီတွေ လိုအပ်နေပါတယ်။ ” ဟု လေးကေကော်စစ်ဘေး ရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် လတ်တလောအခြေအနေတွင် စစ်ကောင်စီတပ်များသည် ကျေးရွာများ အတွင်း စစ်အင်အား တိုးချဲ့လာခြင်းနှင့် မိုင်းထောင်ထားခြင်းများရှိနေသေး သည့်အ တွက် နေရပ်ပြန်ရန် မလွယ်ကူသေးကြောင်းလည်း ၎င်းစစ်ဘေးရှောင်က ဆက်ပြော သည်။

လေးကေကော် စစ်ဘေးရှောင်သူများအကြား အိုမီခရွန်ကူးစက်ရောဂါပိုးကူး စက်ခံရသူများအား ဖေဖော်ဝါရီလ ၁၇ ရက်မှ ဖေဖော်ဝါရီလ ၂၅ ရက်အထိ လေးကေကော်သူကြီးစစ်ရှောင်စခန်း၌ နှာခေါင်းတို့ဖတ်ဆေးစစ် ချက်လုပ် ဆောင်ခဲ့သူ ၆၇၄ ဦးတွင် ပိုးတွေ့ သံသယလူနာ ၃၅ ဦး စောင့်ကြည့်ကုသ ပေးလျက်ရှိသည်ဟု သိရသည်။

ထို့အပြင် အခြားစစ်ရှောင် အစုအဖွဲ့များတွင် ဆေးစစ်ချက်အရ ပိုးတွေ့သံသယ လူနာအရေအတွက်နှင့်ပေါင်းလျှင် အိုမီခရွန် ကူးစက် ရောဂါလူနာ ၅၀ ဦး ထက်မနည်းရှိလာနေသည့်အတွက် စစ်ဘေးရှောင်စခန်းများအား နေထိုင်သွားလာ မှုကန့်သတ်စည်းကမ်းတင်းကြပ်ထားရကြောင်း သိရသည်။