Home သတင်း ပစ်ခတ်မှု ‌နေ့စဉ်ဖြစ်ပွား‌နေသည့် ‌ကေအဲန်ယူ တပ်မဟာ ၁ နယ်‌မြေသို့ စစ်‌ကောင်စီတပ် အ‌မြှောက်ကား (၂) စီးပို့ လာ

ပစ်ခတ်မှု ‌နေ့စဉ်ဖြစ်ပွား‌နေသည့် ‌ကေအဲန်ယူ တပ်မဟာ ၁ နယ်‌မြေသို့ စစ်‌ကောင်စီတပ် အ‌မြှောက်ကား (၂) စီးပို့ လာ

1494

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ပစ်ခတ်တိုက်ခိုက်မှုများ ‌နေ့စဉ်လိုလို ဖြစ်ပွား‌နေသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်‌မြေထဲသို့ စစ်‌ကောင်စီတပ်မှအ‌မြှောက်ကား ၂ စီးပို့‌ဆောင်လာသည်ဟု နယ်‌မြေခံ တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

သထုံခရိုင်အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က “အခု စစ်တပ်ဘက်ကလည်း စစ်‌ရေးလှုပ်ရှားမှုများလာတယ်။ ပစ်ခတ်မှု‌တွေက‌နေ့တိုင်းရှိတယ်။ ‌နောက်ပြီး ပိန္နဲ‌တောစခန်းမှာ သူတို့အ‌မြှောက်ကား (၂)စီး ပို့လာတယ်လို့ သတင်းရတယ်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့ ဇန်နဝါရီလ ၁၇ ရက်‌နေ့၊ နံနက် (၅)နာရီအချိန်ခန့်တွင်လည်း သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပိန္နဲ‌တော ၊ ကံ‌တော်နီဘုန်းကြီး‌ကျောင်းဝင်းတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်များကို နယ်‌မြေခံ KNLA ပူး‌ပေါင်းတပ် ဘက်မှ ဝင်‌ရောက်မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်‌ကောင်စီတပ်ဖွဲ့ ၃ ဦး‌သေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသည်ဟု နယ်‌မြေသတင်းအရင်းအမြစ်အရ သိရသည်။

ထို‌ဒေသအတွင်း စစ်‌ကောင်စီတပ်များ ယခင်ကထက် စစ်‌ရေးပိုမိုလှုပ်ရှားလာသည့်အတွက် ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလ ဒုတိယအပတ်ကတည်းက အခြား‌ကျေးရွာများတွင် သွား‌ရောက်တိမ်း‌ရှောင်‌နေသည့် ကြ‌သောင်း ဆိပ်‌ကျေးရွာသား စစ်‌ရှောင်အချို့မှာ ‌နေအိမ်ပြန်ရန် လမ်း‌ကြောင်းအခက်အခဲရှိလာ‌ကြောင်းလည်း ‌ဒေသခံတစ်ဦး က ယခုလို ‌ပြောသည်။

‌ဒေသခံတစ်ဦးက“ကြ‌သောင်းဆိပ်စစ်‌ရှောင်‌တွေက အချို့အိမ်ပြန်တာရှိပြီ။ ပြန်တဲ့လူ‌တွေက အနီးအနားရွာ‌တွေမှာ သွား‌ရှောင်တဲ့လူ‌တွေ‌တော့ ပြန်တယ်။ တချို့က သူတို့သွား‌ရှောင်တာ ရွာနည်းနည်း‌ဝေး‌တော့ ပြန်လာဖို့ လမ်း‌ကြောင်းအ‌ခြေအ‌နေကလည်း မ‌ကောင်းပြန်ဘူး။ ပိန္နဲ‌တောစခန်းမှာ ပြန်ဖြတ်လာတဲ့ လူငယ်‌တွေကိုလည်း စစ်တပ်ဘက်မှ ဟိုစစ်၊ ဒီစစ်လုပ်‌ဆောင်တာလည်းရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်လဆန်းပိုင်းမှစတင်၍ ‌ကေအဲန်ယူ၊ သထုံခရိုင် (တပ်မဟာ ၁ နယ်‌မြေ) အတွင်းရှိ မြို့နယ်များဖြစ်သည့် ဘီးလင်း ၊ ကျိုက်ထို၊ သထုံနှင့် ဖားအံမြို့နယ်များတွင် စစ်‌ကောင်စီတပ်များ စစ်‌ရေးလှုပ်ရှားမှု သိသိသာသာ များလာသည့်အပြင် BGF တပ်စခန်းများတွင်လည်း စစ်‌ကောင်စီတပ်ဖွဲ့အင်အား တိုးချဲ့လုပ်‌ဆောင်လာ‌ကြောင်း လည်း နယ်‌မြေခံ တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။