Home သတင်း နယ်စပ်လုံခြုံ‌ရေးအရ ‌သောင်ရင်းမြစ်ကမ်းနားရှိ စစ်‌ရှောင်များအား မဲ့ကိုကင်း‌တောင်သူစုမှတစ်ဆင့် အစားအ‌သောက်များ ချက်ပြုတ်ပို့‌ဆောင်‌ပေး‌နေ

နယ်စပ်လုံခြုံ‌ရေးအရ ‌သောင်ရင်းမြစ်ကမ်းနားရှိ စစ်‌ရှောင်များအား မဲ့ကိုကင်း‌တောင်သူစုမှတစ်ဆင့် အစားအ‌သောက်များ ချက်ပြုတ်ပို့‌ဆောင်‌ပေး‌နေ

1337

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းစစ်တပ်က လုံခြုံ‌ရေးအရ စစ်‌ဆေးကန့်သတ်မှုများ တိုးမြှင့်ထားသည့်အတွက် နယ်စပ်‌သောင်ရင်း မြစ်ကမ်းနားရှိ ‌လေး‌ကေ‌ကော်‌ဒေသမှ စစ်‌ဘေး‌ရှောင်သူများအား မဲ့ကိုကင်း‌တောင်သူစုမှတစ်ဆင့် အစားအ‌သောက်များ ချက်ပြုတ်ပို့‌ဆောင်‌ပေး‌နေသည်ဟု သိရှိရသည်။

‌လေး‌ကေ‌ကော်‌ဒေသမှ စစ်‌ဘေး‌ရှောင်သူများအတွက်ကူညီ‌နေသည့် အလှူရှင်အဖွဲ့အချို့သည် ထိုင်း- မြန်မာနယ်စပ်‌နေရာများအား အ‌ထောက်အထားမဲ့ သွားလာ‌နေမှုရှိသည့်အ‌ပေါ် ထိုင်းစစ်တပ် လုံခြုံ‌ရေး အရ စစ်‌ဆေးကန့်သတ်မှုများတိုးမြှင့်ထား‌သောအ‌ခြေအ‌နေ‌ကြောင့် မဲ့ကိုကင်းရွာတွင် စား‌သောက်စရာ သား၊ ငါး၊ သီးနှံဟင်းချက်စရာ များအား စု‌ပေါင်းထားသိုကာ မဲ့ကိုကင်း ‌တောင်သူစု‌နေထိုင်သည့် တိုင်းရင်းသား‌ဒေသခံများမှတစ်ဆင့် အစားအ‌သောက်များ ချက်ပြုတ်ပို့‌ဆောင်‌ပေး‌နေရခြင်းဖြစ်သည်ဟု မဲ့ကိုကင်း‌ကျေးရွာ ‌တောင်သူအစုအဖွဲ့ ချက်ပြုတ်‌ရေးစီစဉ်သူတစ်ဦးက ‌ပြောသည်။

၎င်းက “အခုက ကျ‌နော်တို့ စစ်‌ရှောင်ကူတဲ့ အစီအစဉ်က ထိုင်းစစ်တပ်နဲ့ နားလည်မှုယူပြီး ချက်ပြုတ် ‌ထောက်ပံ့ရတဲ့ အပိုင်းမှာ စစ်‌ရှောင်‌တွေဆီ အစားအ‌သောက်ပို့ဖို့ကို စနစ်တကျ လုပ်‌ဆောင်‌နေရတယ်။

တချို့ အလှူရှင်‌တွေက ထိုင်းဘက်တာဝန်ရှိသူ‌တွေ ၊ KNU တာဝန်ရှိသူ‌တွေ မချိတ်ဆက်ဘဲ အ‌ထောက် အထားမရှိဘဲ စစ်‌ဘေး‌ရှောင်‌တွေ ရှိရာ‌နေရာ‌တွေ သွားပြီး လှူကူတာ‌တွေ လုပ်ကိုင်ကြ‌တော့ စစ်‌ဆေးတာ ဖမ်းဆီးခံရတာ‌တွေ ရှိလာ‌နေတယ်၊ ဒါ‌တွေ‌ကြောင့် ကျ‌နော်တို့ မဲ့ကိုကင်းရွာက ကိုယ့်‌တောင်ယာလုပ်တဲ့ တိုင်းရင်းသားမိသားစု‌တွေ စုပြီး‌နေ့စဉ် ချက်ပြုတ်ထုပ်ပိုးပြီး ပို့‌ပေး‌နေတယ်။”ဟု ‌ပြောသည်။

မည်သည့်အလှူရှင်အဖွဲ့အစည်းမဆို မဲ့ကိုကင်း‌တောင်သူစု ချက်ပြုတ်‌ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး ဆန်၊ ဆီ၊ ဆား အ‌ခြေခံစား‌သောက်ကုန်များ‌ထောက်ပံ့‌နေမှုကို စုထားပြီး စစ်‌ရှောင်အ‌ရေအတွက်တိုင်း လိုအပ်ချက်အရ ချက်ပြုတ်ထုပ်ပိုးကာ တစ်‌နေ့လျှင် မနက်၊ ည‌နေ ထမင်းဗူး ၈၀ဝ ခန့်မှ ၃၀၀ဝခန့်အထိ ချက်ပြုတ်ပြီး ‌နေ့စဉ် ‌ဝေငှ‌ပေး‌နေသည်ဟု ၎င်းက ဆက်‌ပြောသည်။

အဆိုပါ ထိုင်း-မြန်မာ နယ်စပ်တစ်‌လျှောက် ‌သောင်ရင်းမြစ်‌ဘေးတွင် ‌ကျေးရွာအစုအဖွဲများအလိုက် ‌ရှောင်ခိုလှုံ ‌နေထိုင်‌နေကြသည့် ‌ဒေသခံများထံ နိုင်ငံတကာ‌ရောက် မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံ အတွင်း‌နေထိုင်ကြသည့် မြန်မာပြည်သားများ၊ မဲ‌ဆောက်မြို့တွင် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားအစုအဖွဲ့ များ၊ စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများမှ ‌နေ့စဉ် ရက်ခြား စား‌သောက်စရာ၊ ‌နေရာထိုင်ခင်းအသုံး အ‌ဆောင်၊ ‌ဆေးဝါး ၊ စက်သုံးဆီများ တစ်ပိုင်တစ်နိုင်စာ သွား‌ရောက်‌ထောက်ပံ့လှူဒါန်းကူညီမှုများကိုသာ စစ်‌ဘေး‌ရှောင်ပြည်သူများ အားကိုးအားထားပြု၍ စား‌သောက်‌နေထိုင်‌နေကြရသည့်အတွက် လိုအပ်ချက်ရှိသည်ဟု သိရသည်။

ယခုရက်များအတွင်း စစ်‌ကောင်စီဘက်မှ ‌သောင်ရင်းမြစ်‌ဘေးတွင် ခိုလှုံ‌နေထိုင်ကြ သည့်စစ်‌ရှောင် များအား လက်ရှိ ‌နေရာတွင် ဆက်လက်တိုက်ပွဲ ဖြစ်မည်ဆိုပါက လက်နက်ကြီးပစ်ခတ်မှုနှင့် မလွတ်၍ ထိခိုက်မှုများ ရှိလာနိုင်သည်ဟုဆိုကာ မိမိ‌နေရပ်ပြန်ရန် ဖိအား‌ပေး‌ပြောဆိုမှုများရှိလာသည့်အတွက် အချို့ ‌ဒေသခံများ ‌နေရပ်ပြန်သူ အနည်းငယ်ရှိ‌ကြောင်း စစ်‌ဘေး‌ရှောင် ကူညီ‌နေသူများ‌ပြောစကား အရ သိရသည်။