Home သတင်း အာရှလမ်းတွင် ‌လောင်စာဆီတင်ယာဉ် ၂ စီးပစ်ခတ်ခံရ၊ ယာဉ်‌မောင်း ၂ ဦး ‌သေ၊ ယာဉ် ၁ စီး မီး‌လောင်

အာရှလမ်းတွင် ‌လောင်စာဆီတင်ယာဉ် ၂ စီးပစ်ခတ်ခံရ၊ ယာဉ်‌မောင်း ၂ ဦး ‌သေ၊ ယာဉ် ၁ စီး မီး‌လောင်

1400

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီ-‌ကော့ကရိတ် အာရှလမ်း ကွမ်းခြံ‌ကွေ့ကုန်းတက်‌နေရာတွင် ယ‌နေ့ ဇန်နဝါရီ ၁၆ရက်၊ မွန်းလွဲ (၁)နာရီခန့်က ‌လောင်စာဆီတင်ယာဉ် ၂စီး ပစ်ခတ်ခံရပြီး ယာဉ်‌မောင်း ၂ဦး ‌သေဆုံးကာ ယာဉ်တစ်စီး မီး‌လောင်မှုဖြစ်ပွားခဲ့သည် ဟု သိရသည်။

“မြဝတီမြို့က‌နေ ‌ကော့ကရိတ်ဘက်ကိုသွားတဲ့ ‌လောင်စာဆီတင်ယာဉ် ၃စီးအနက် ၂စီး ပစ်ခတ်ခံရတာပါ။ ဒီက ‌နေ့မွန်းတည့်(အလွန်) ၁နာရီအချိန်ခန့်က မြဝတီ-‌ကော့ကရိတ်အာရှလမ်း ကွမ်းခြံ‌ကွေ့ကုန်းတက်‌နေရာမှာ ပစ်ခတ် ခံထိတာ။ ယာဉ်တစ်စီးက‌တော့ မီး‌လောင်သွားပြီး ယာဉ် ‌မောင်းလည်း မီး‌လောင်‌သေဆုံးမှု ဖြစ်သွားတယ်။ ‌နောက် ထပ်ပစ်ခတ်ခံရတဲ့ ယာဉ်တစ်စီးမှာလည်း ယာဉ်‌မောင်း ကျည်ထိမှန်ပြီး ‌နေရာမှာပွဲချင်းပြီး ‌သေဆုံးသွားခဲ့တယ်။”ဟု ဖြစ်စဉ်‌နေရာသို့ သွား‌ရောက်ကာ ကူညီကယ်ဆယ်‌ရေး လုပ်‌ဆောင်‌နေသူတစ်ဦးက ‌ပြောသည်။

ထိုသို့ ‌လောင်စာဆီကား ပစ်ခတ်ခံရပြီး မီး‌လောင်မှုဖြစ်ပွားခဲ့၍ မြဝတီခရိုင် မီးသတ်ယာဉ်များ မီးငြိမ်းသတ်ရန်သွား စဉ် အဆိုပါ‌နေရာအ‌ရောက်တွင် မီးသတ်ယာဉ်တစ်စီး ထပ်မံပစ်ခတ်ခံရပြီး ကား‌ရှေ့မှန် ‌ကြေမွပျက်စီးသွား‌ကြောင်း မြဝတီခရိုင် အရန်မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးက ဆိုသည်။

မြဝတီ-‌ကော့ကရိတ်အာရှလမ်းတွင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းနှင့် ယခုတစ်ကြိမ် အပါအဝင် ‌လောင်စာဆီတင် ယာဉ်များ ပစ်ခတ်ခံရမှုမှာ ‌လေးကြိမ်အထိ ရှိခဲ့ပြီးဖြစ်သည်။ အဆိုပါ ပစ်ခတ်ခံရမှု ‌လေးကြိမ်တွင် ‌လောင်စာ ဆီတင် ယာဉ် ၂စီး မီး‌လောင်ပျက်စီးမှုရှိခဲ့ပြီး ယာဉ်‌မောင်း ၃ဦးထိ ‌သေဆုံးခဲ့ ‌ကြောင်း သိရသည်။

အဆိုပါ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ‌ပေါ်တွင် ‌လောင်စာဆီ အပါအဝင် စစ်‌ရေးကို အ‌ထောက်အကူပြု‌စေမည့် လုပ်‌ဆောင်ချက်မှန်သမျှကို မလုပ်‌ဆောင်ရန် ‌ကေအဲန်ယူက သက်ဆိုင်ရာ အသီးသီးကို အသိ‌ပေးထား ခြင်းများရှိသည်ဟု ၎င်းတို့နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။