Home သတင်း သတိ‌ပေးစာထုတ်ပြီး‌နောက် BGF စခန်းတစ်ခုကို KNU တပ်မဟာ ၅ ရှင်းလင်း

သတိ‌ပေးစာထုတ်ပြီး‌နောက် BGF စခန်းတစ်ခုကို KNU တပ်မဟာ ၅ ရှင်းလင်း

1399
Photo: KNU Mutraw

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီတပ်နှင့် ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းမပြုရန် ကရင်နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို သတိ ‌ပေးစာထုတ်ပြန်ပြီး‌နောက် ယမန်‌နေ့ ဇန်နဝါရီလ ၁၆ ရက်‌နေ့က ဖာပွန်မြို့နယ်အတွင်းရှိ BGF တပ်စခန်းတစ်ခု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၅ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များက သွား‌ရောက် ရှင်းလင်းခဲ့ သည်ဟု သိရသည်။

အဆိုပါ တပ်စခန်းသည် BGF မှ ဗိုလ်‌မောင်ချစ် ဦးစီး‌သော ဖာပွန်မြို့နယ်၊ မဲပလိ ‌ကျေးရွာရှိ တပ်ရင်းအမှတ် (၁၀၁၄) တပ်ရင်းစခန်းဖြစ်ပြီး ‌ဒေသခံ‌ကျေးရွာသားများအ‌ပေါ် ခြိမ်း‌ခြောက်‌ပြောဆိုမှုများနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများရှိသည့်အ‌ပေါ် ယခုလို တက်‌ရောက် ရှင်းလင်းခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ယခုလို‌ပြောသည်။

“သူတို့က ရွာသား‌တွေကိုလည်း ခြိမ်း‌ခြောက်‌ပြောတာ‌တွေ လုပ်တယ်။ ပြီး‌တော့ ‌သေနတ်နဲ့ ရမ်းသမ်း ပစ်တာ‌တွေ၊ မိုင်း‌ထောင်တာ‌တွေ လုပ်တယ်။ ကျ‌နော်တို့ ‌ပြောခဲ့သလိုပဲ အချင်းချင်း ညှိနှိုင်းပြီး ပူး‌ပေါင်းလုပ် ‌ဆောင်ဖို့ ကရင် အလုပ်ကရင်လုပ်ဖို့ ‌ပြောခဲ့‌ပေမဲ့ ကျ‌နော်တို့ ‌မျှော်လင့်သလို မဖြစ်လာ‌တော့ မ‌နေ့က ကျ‌နော်တို့ရဲ့ တပ်ရင်း ၁၀၂ တပ်ခွဲ ၄ က သွားတက်ရှင်းလိုက်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

BGF တပ်ဖွဲ့ဝင်များအ‌နေဖြင့် ဇန်နဝါရီလ ၁၅ ရက်‌နေ့ ‌နောက်ဆုံးထား၍ အာဏာသိမ်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဆက်လက်ပူး‌ပေါင်းခြင်းမပြုလုပ်ရန် (KNU) တပ်မဟာ (၅) ဘက်မှ ‌နောက်ဆုံး သတိ‌ပေးထားချက်ကို ဇန်နဝါရီလ ၁၂ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာထားသည်။

အဆိုပါ မဲပလိ စခန်းသိမ်း ရှင်းလင်းမှုတွင် BGF တပ်သားတစ်ဦးကို အရှင်ဖမ်းဆီးရမိ‌သော်လည်း လက်နက် ခဲယမ်းများ ဖမ်းဆီးရမိခြင်းမရှိဘဲ ကျန် BGF တပ်ဖွဲ့ဝင်များမှာ ဆုတ်‌ပြေးသွား‌ကြောင်းနှင့် စခန်းဝင်‌ရောက် ရှင်းလင်းရာတွင်လည်း KNLA ဘက်မှ နှစ်ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ ‌ကြောင်း ဗိုလ်မှူးကြီး ‌စောထူးက‌ရှောက ဆက်‌ပြောသည်။

အာဏာသိမ်းပြီး‌နောက် KNU တပ်မဟာ (၅) နယ်‌မြေအတွင်းရှိ စစ်‌ကောင်စီ တပ်စခန်းကြီးအချို့နှင့် စခန်း ငယ်အချို့တို့ကို KNU တပ်မဟာ (၅) လက်‌အောက်ခံ KNLA တပ်ဖွဲ့များမှ ဝင်‌ရောက် တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့သလို တပ်စခန်းအချို့မှာလည်း ပြန်လည်ဆုတ်ခွာပူး‌ပေါင်းမှုများရှိ‌ကြောင်း KNU ဘက်က ဆိုသည်။

အလားတူ BGF တပ်စခန်းငယ် တချို့ကိုလည်း ယခင်က ရှင်းလင်းတိုက်ခိုက်မှုများ၊ ဖိအား‌ပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ယခု စခန်းသိမ်း ရှင်းလင်းမှုမှာ KNU ဘက်မှ သတိ‌ပေးစာ ထုတ်ပြန်ပြီး‌နောက် ပထမဦးဆုံး အကြိမ် သိမ်းယူရှင်းလင်းမှုဖြစ်သည်ဟု သိရသည်။