ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းပြည်သူများအနေဖြင့် မိမိတို့၏ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် ကိုဗစ်ရော ဂါကူးစက်မှု ကာကွယ်တားဆီးနိုင်ရေး ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားကြရန် နယ်စပ်အခြေစိုက် ကျန်းမာရေးဝန် ဆောင်မှုပေးနေသည့် တာဝန်ရှိသူများက တိုက်တွန်းပြောဆိုလိုက်သည်။
ကမာ္ဘတစ်ဝှမ်းတွင် လတ်တလော ကိုဗစ်-19 ကပ်ရောဂါကူးစက်မှုသည် ပျောက်ကွယ်သွားခြင်းမရှိသေးဘဲ ဆက်လက် ကူးစက်ပြန့်ပွားနေဆဲဖြစ်သလို ရောဂါပိုး၏ မျိုးကွဲသစ်များလည်း တစ်မျိုးပြီးတစ်မျိုး ထပ်မံ တွေ့ရှိလာနေမှုအပေါ် ကျန်းမာရေးတာဝန်ရှိသူများက ယင်းသို့ တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။
မဲဆောက်ဆေးရုံကြီး ကူးစက်ရောထိန်းချုပ်မှုနှင့် နယ်စပ်ကျန်းမာရေးဌာနမှ ဆရာမ မေက “ကာကွယ်ဆေးထိုးဖို့ သတ် မှတ်ထားတဲ့ အသက်ပြည့်မယ်။ ပြီးလို့ရှိရင် ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ကိုယ်က ကျန်းမာရေးကောင်းနေမယ်ဆိုလို့ ရှိရင်တော့ အခွင့်အရေးရှိရင် ထိုင်းနိုင်ငံမှာနေတဲ့ တရားဝင်နေထိုင်တဲ့သူတွေရော၊ တရားမဝင် နေထိုင်တဲ့သူတွေပါ ကာ ကွယ်ဆေးထိုးထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ပြောသည်။
ကိုဗစ်ရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးထားခြင်းဖြစ်၍ ယခုဆိုလျှင် ထိုင်း-မြန်မာ နယ်စပ်ရှိ ရွှေ့ပြောင်းဒေသများ အပါအဝင် ကမာ္ဘ့နိုင်ငံများရှိ နေရာဒေသအသီးသီး၌လည်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
“ဆေးမထိုးထားဘူးဆိုလို့ရှိရင် ကိုယ်ရဲ့ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အများကြီး ထိခိုက်လာနိုင်တယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင် ဆိုတော့ ကိုယ်ကနေပြီးတော့ ကိုဗစ်သယ်ဆောင်သူအနေနဲ့ပေါ့ နော်။ ကိုယ့်ကလေး၊ ကိုယ့်မိသားစု၊ ကိုယ့်အခန်းဖော်တွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ရွာ၊ အဲဒီ လူတွေကိုလည်း အများကြီးထိခိုက်လာနိုင်တယ်။ အဲဒါလေးကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။”ဟု ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် နယ်စပ်တစ်လျှောက်တွင် ကျန်းမာရေးလုပ်ငန်းဆောင်ရွက်နေသည့် Shoklo Malaria Research Unit – SMRU ၏ အကြီးတန်း သုတေသနပညာရှင်နှင့် ကျန်းမာရေးအကြံပေး ဒေါက်တာအောင်ပြည့်ဖြိုးက ပြောသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အပါအဝင် ကမာ္ဘ့နိုင်ငံအသီးသီးတွင် ထိုးနှံကြသည့် ကာကွယ်ဆေးများမှာ စမ်းသပ်အတည်ပြုချက် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှသာ တရားဝင် ဖြန့်ဝေထိုးနှံကြသဖြင့် လုံခြုံမှုရှိသည်ဟုလည်း ဒေါက်တာအောင်ပြည့်ဖြိုးက ဆက်ပြောသည်။
“အခု ဈေးကွက်ထဲမှာရောက်နေတဲ့ ကိုဗစ်ကာကွယ်ဆေး၊ အသုံးများနေတဲ့ ကာကွယ်ဆေး ၈မျိုးသည် ကာကွယ်ဆေး ထုတ်လုပ်မှု အဆင့် ၄ဆင့် သူတို့ ဖြတ်သန်းလာခဲ့ပြီးပြီ။ တိရိစာ္ဆန်တွေမှာဖြစ်စေ၊ ဓာတ်ခွဲခန်းတွေမှာဖြစ်စေ စမ်းသပ်ပြီး ပြီ။ ကျန်းမာတဲ့ လူငယ်တွေမှာလည်း သူတို့လေ့လာပြီးပြီ။ လူဦးရေသောင်းချီမှာလည်း ဖြတ်သန်းခဲ့ပြီးပြီ။ အဲဒါအပြင်မှာ ဈေးကွက်ထဲမှာ လူတွေကို သန်းချီပြီးတော့ ထိုးပြီးတဲ့အခါမှာ ဘေးထွက်ဆိုးကျိုးတွေ ဘာတွေထွက်လဲဆိုတော့ လိုက် ကောက်ထားတဲ့ အချက်အလက်တွေရှိတယ်။ အဲဒါတွေအရဆိုလို့ရှိရင် ဒီကိုဗစ်ကာကွယ်ဆေးတွေ အားလုံးသည် စိတ်ချ ရတယ်။”ဟု သူက ထပ်လောင်း ပြောဆိုသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ လူမှုအသိုင်းအဝိုင်းအကြားနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုး သတင်းအချက်အလက်များကြောင့် ယနေ့အချိန်ထိ ကာကွယ်ဆေးထိုးရန် စိုးရွံ့ နေကြသူများရှိနေဆဲဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝိုင်းမှ ကျန်းမာရေးပိုင်း ချိတ်ဆက်လုပ် ဆောင်သူ ကိုအာလူးက ကေအိုင်စီသို့ ယခုလို ပြောသည်။
ကိုအာလူးက “သူများတွေ လိုင်းပေါ်မှာ၊ ဖေ့ဘွတ်ပေါ်မှာ လာတယ်။ ဆေးထိုးပြီးတာနဲ့ သေသွားတာတို့၊ မေ့မျောသွား တာတို့ဆိုတော့ ကျနော်လည်း ကြောက်တာပေါ့နော်။ ထိုးရင်ကောင်းမလား၊ မထိုးရင်ကောင်းမလား။ အဲဒါနဲ့ အိမ်က မိန်းမနဲ့ တိုင်ပင်ပြီးမှ ထိုးလိုက်ရမလားမေးတယ်။ မေးလိုက်တော့ မထိုးလို့လည်းမရဘူး။ ဆရာ၊ ဆရာမတွေ လာလို့ရှိ ရင် စကားပြောချင်တယ်။ ဒါပေမယ့် ကျနော် ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ဆရာတို့ကလည်း ကျနော့်ကို တွန့် ဆုတ်တွန့်ဆုတ် ဖြစ်နေမှာ။ ဗိုက်ကြီးသည် သွားကြည့်တဲ့အခါ ကျနော့်မှာ ရောဂါရှိနေမလား၊ ကိုယ့်ကိုယ်ကို မလုံဘူး ပေါ့နော်။ မလုံတဲ့အတွက် ကျနော်ထိုးဖြစ်တာပါ။”ဟု ပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်သလို ကူးစက်ခံရပါကလည်း ဆိုးရွားသည့် ရောဂါလက္ခဏာများမခံရဘဲ ဆေးရုံတက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းကို သိသိသာသာ လျော့နည်းစေသည်ဟု မှတ်တမ်း တွေ့ရှိချက်အရ ဖော်ပြထားသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲရှိ မြို့နယ် ၉မြို့နယ်ထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄သိန်းကျော်ရှိသည့်အ နက် လက်ရှိတွင် ကာကွယ်ဆေးထိုးနှံထားသူ ၈ဝရာခိုင်နှုန်းရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်နေ့တစ်ရက်ထဲတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၆,၇၁၉ဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ကိုဗစ်ပိုးကူးစက်ခံထားရသူ နှစ်သန်းကျော်ရှိပြီဟု ဖော်ပြထားသည်။



















