“သုံးအိမ်စုက ဒေါ်လေးအသံ”
ရောက်လာပြန်ပြီ
“ပြေး ခုန် ပစ်” ရာသီတဲ့
သုံးအိမ်စု အိုလံပစ်က
စစ်ဖိနပ်သံတွေနဲ့…။
တချို့က ရင်တမမ
တချို့က ဖင်တကြွကြွနဲ့
အချိန်မရွေး စစ်ဖြစ်နိုင်လို့ …။
နေဝင်မိုးချုပ်
ယာလုပ် ပဲနုတ်
ကွမ်းသွေးပြည့်ဖုံးပိုင်ရှင် ဒေါ်လေးက
မိုနာလီဇာအပြုံးလို
အားတင်းကာ ပြုံးပြရှာတယ်…။
လုပ်လုပ်စားစား ငါတို့ဘဝများ
နဖူးကချွေး ခြေမထိဆင်းမှ စားရ
ပေါင်ထားတဲ့ လယ်တစ်ကွက်
ပြန်ရွေးနိုင်ရင် တော်ပြီတဲ့…။
ရေခြားမြေခြားမှာ
နင်…
“သူဌေး” မဖြစ်ချင်နေရ
“ခွေး” မဖြစ်ရင်တော်ပြီ
ငါ့တူလေး…။
ဒေါ်လေးရဲ့ ထောပနာစကားက
ကျနော် “အာရ်ပီဂျီ”နဲ့ အထုခံရသလိုပဲ…။
ငါ့သား ရှင်ပြုတုန်းက
“လေးကေဆရာတော်” တရားဟောတာ
အိုက်လည်းအိုက်
ငိုက်လည်းငိုက်
ကြိုက်လည်းကြိုက်
ခုတော့ …။
“ကြသောင်းဆိပ်”စခန်း
“ထော်ဖားတို့” လက်စွမ်းပြတာ
နင် ကြားပြီးရောပေါ့…။
သုံးအိမ်စုမှာ “ဖိုးဖေပု”တို့
တစ်သက်လုံး နေလာခဲ့တာ
အခုတော့
(အားလုံး)
ကြက်ပျောက်ငှက်ပျောက်…။
အခုလေ…
သုံးအိမ်စုမက
လေးကေ
ကြိုးဝိုင်း
နို့ကနဲ
ပျဉ်းမပင်ဆိပ်ကလူတွေ
တချို့ပြေး
တချို့ပြောင်း
တချို့ရှောင်
တချို့ဆို အထုပ်အပိုး တပြင်ပြင်နဲ့
ဒုက္ခသည်စခန်းဆီ
သွားနေကြပြီဟဲ့…။
ရွာထဲမှာ
စစ်သားတွေ စစ်သားတွေ
သူတို့နဲ့အတူ
ဘီဂျီအက်ဖ်တွေလည်း ပါတယ်…။
ငါဆို ညဖက်
သေးတောင် ထမပေါက်ရဲဘူး။
အခုဆို ငါတို့…
ငှက်ပျောဖက်မိုး တဲလေးထိုးပြီး
နေကြတယ်လေ…။
နင့်ဦးလေးလား…
ဖြတ်လေးဖြတ်ကို ကြောက်တယ်
မမေးသုံးချက် မေးသုံးချက်ကို ကြောက်တယ်
ပေါ်တာဖမ်းမှာကို ကြောက်တယ်
အပြစ်မရှိ
အကြောင်းမဲ့
အထုအထောင်းခံ
သတ်ဖြတ်ခံရမှာကို ကြောက်တယ်
အကြောက်ဆုံးက
ရွာသားတွေကို
“ကေအဲန်ယူ”စစ်သားဆိုပြီး
(မရှိတဲ့ သေနတ်)
သွားပြခိုင်းတာကိုပဲ…။
ဟုတ်ပတော်…
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့
ငါ့မှာ
အဲ့အသံလေးတောင်
ဆုံးအောင် မအော်လိုက်ရဘူး
ဖနောင့်နဲ့ တင်ပါး
နှစ်ပါးသွားနေရတယ်…။
အခုလား…
ငါတို့တွေ
ဘယ်သို့ဘယ်ဆီ
ဘယ်အချိန် ဘယ်ကာလထိ
ဒုက္ခခံရအုံးမလဲဆိုတာ
ဘယ်သူမှ မပြောနိုင်ဘူးလေ…။
ထော်မဲပါ (၂၉-၁၂-၂၀၂၁)
(စစ်ပြေးဒုက္ခသည်တစ်ဦး၏ရင်ဖွင့်သံ)