Home သတင်း ထိုင်းတွင် ဖမ်းဆီးခံရသည့် ကလေးအပါအဝင် ကရင်တိုင်းရင်းသား (၂၆) ဦးကို KNU တပ်မဟာ (၄) ထံ လွှဲပြောင်းပေး

ထိုင်းတွင် ဖမ်းဆီးခံရသည့် ကလေးအပါအဝင် ကရင်တိုင်းရင်းသား (၂၆) ဦးကို KNU တပ်မဟာ (၄) ထံ လွှဲပြောင်းပေး

8
Photo: CJ

ဩဂုတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်

မြန်မာနိုင်ငံသို့ ပြန်လည်ပြည်နှင်ဒဏ်ပေးခံရမည်ကို စိုးရိမ်နေရသည့် ကလေးနှင့် လူငယ်အပါအဝင် ကရင်တိုင်းရင်းသား (၂၆) ဦးကို ယမန်နေ့ (ဩဂုတ် ၁၉ ရက်) က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ (၄) ထံ ထိုင်းအာဏာပိုင်များက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကရင်တိုင်းရင်းသားများသည် တရားဝင် အထောက်အထား မပြည့်စုံသဖြင့် ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင်၌ ဖမ်းဆီးခံခဲ့ရပြီး ထိုမှတစ်ဆင့် ကန်ချနဘူရီခရိုင်၊ ဖူနန်ရွမ် လူဝင်မှုကြီးကြပ်ရေး (လဝက) စစ်ဆေးရေးဂိတ်မှတစ်ဆင့် ထီးခီးနယ်စပ်ရှိ KNU တပ်မဟာ (၄) ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခု လွှဲပြောင်းခံရသူများသည် တပ်မဟာ (၄) နယ်မြေ၊ ဘိတ်ဒေသတွင် နေထိုင်သူများဖြစ်ပြီး ထိုင်းတာဝန်ရှိသူများအနေဖြင့် အာဏာသိမ်း စစ်တပ်အုပ်စုထံ လွှဲပြောင်းခြင်းမပြုဘဲ KNU ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်အတွက် ဝမ်းသာရကြောင်း KNU တပ်မဟာ (၄) တပ်မဟာမှူးက ဆိုသည်။

KNU တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖိုးလေးက “တော်သေးလို့ စစ်အုပ်စုဘက်ကို ထိုင်းကပြန်မလွှဲတာ ။ စစ်အုပ်စုဘက်ကို လွှဲလိုက်ရင် ဘာဖြစ်မလဲဆိုတာ မသိဘူး။ ထိုင်းလူ့အခွင့် အရေးအဖွဲ့တွေကလည်း လိုက်ပေးတာ တောင်းဆိုပေးတာတွေကြောင့်လည်း ဖြစ်မယ်။ အခု ကျနော်တို့ဆီမှာပဲ ဒီဘက်ရောက်ပြီးဆိုတော့ သူတို့ဒေသကို အေးဆေးပြန်လို့ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကရင်တိုင်းရင်းသားများသည် ဖက်ချ်ဘူရီခရိုင်၊ Kaeng Krachan အမျိုးသားဥယျာဉ်အတွင်းရှိ Pa Deng ကျေးရွာ၌ နီးစပ်ရာ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေစဉ် ဩဂုတ်လ (၁၀) ရက်နေ့က ထိုင်း စစ်တပ်နှင့် သစ်တောအရာရှိများ၏ ဝင်ရောက်စစ်ဆေးမှုကြောင့် စုစုပေါင်း (၂၈) ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်။ ထိုအထဲမှ (၂) ဦးမှာ အထောက်အထား ပြသနိုင်သဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန် (၂၆) ဦးမှာ အထောက်အထား မပြနိုင်သဖြင့် ဆက်လက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများထဲတွင် ကလေး (၆) ဦးနှင့် (၈) လခွဲ၊ (၇) လအရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး (၂) ဦးတို့လည်း ပါဝင်ခဲ့သည်။ ၎င်းဖမ်းဆီးခံရသည့် ကရင်တိုင်းရင်းသား (၂၆) ဦးကို မြန်မာနိုင်ငံဘက်သို့ ပြည်နှင်ဒဏ်ပေးပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် အာဏာသိမ်းစစ်အုပ်စုထံ ပြန်မပို့ရန် လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch – HRW) ကလည်း ဩဂုတ်လ (၁၈) ရက်နေ့တွင် တောင်းဆိုထားခဲ့သည်။

လွန်ခဲ့သည့် (၂) လခန့်ကလည်း အဆိုပါ Pa Deng ကျေးရွာတွင် တရားမဝင် ဝင်ရောက်နေ ထိုင်သူများထဲမှ ပြည်နှင်ဒဏ်ပေးခံရသူ (၁၀) ဦးမှာ ယနေ့ထိ အဆက်အသွယ်မရတော့ကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။