Home သတင်း ထိုင်းကုန်စည်များ စစ်အုပ်စု ပိုမိုတင်းကြပ်ဖမ်းဆီး၍ ကုန်သည်နှင့် ကားသမားများ စိုးရိမ်မှုမြင့်တက်

ထိုင်းကုန်စည်များ စစ်အုပ်စု ပိုမိုတင်းကြပ်ဖမ်းဆီး၍ ကုန်သည်နှင့် ကားသမားများ စိုးရိမ်မှုမြင့်တက်

16
Photo: CJ

ဩဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုက ဖမ်းဆီးသိမ်းဆည်းမှုများ ပိုမိုတင်းကြပ် ပြုလုပ်လာသည့်အတွက် ကုန်သည်များနှင့် ကုန်တင်မော်တော်ယာဥ်မောင်းများအကြား စိုးရိမ်မှု မြင့်တက်လျက်ရှိကြောင်း သိရသည်။

စစ်တပ်နှင့် အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့ဝင်များ၏ အကူအညီဖြင့် နယ်စပ်မှ ပြည်တွင်းသို့ ထိုင်းကုန်စည်များ သွင်းယူရာတွင် ပါဝင်သည့် ကုန်သည်၊ ကားသမားများနှင့် လမ်းကြောင်းရှင်းပေးသည့် လက်နက်ကိုင်အဖွဲ့ဝင်များကို တရားမဝင် ကုန်သွယ်မှုဖြင့် စစ်အုပ်စုက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်လာခဲ့ပြီးနောက် အဆိုပါ စိုးရိမ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြဝတီ-ဖားအံ ကုန်စည်ပို့ ဆောင်နေကုန်သည်တစ်ဦးက “ကားထုတ်ပေးတဲ့ အေးဂျင့်တွေရော၊ ကားသမားတွေရော အကုန်လုံးဖမ်းလိုက်ပြီ။ ၂ နှစ်၊ ၃ နှစ်တွေ ထောင်ကျခံထိတယ်။ အခုက အဖွဲ့အစည်းနဲ့ ပတ်သက်လည်း ဘာမှမထူးဘူး။ သိမ်းရင် လူရော၊ ပစ္စည်းရော၊ ကားရော အပြီးပဲ။ အဖွဲ့အစည်းကလည်း ဘာမှလိုက်ထုတ်ပေးလို့မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စုဘက်က ထိုင်းကုန်စည် တင်သွင်းမှုကို ကန့်သတ်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်ကြားမှ ဒေသခံများသည် မှောင်ခိုလမ်းကြောင်းများမှတစ်ဆင့် လက်နက်ကိုင်အဖွဲ့များကို အားကိုး၍ သယ်ယူနေကြရခြင်း ဖြစ်သည်။

ထို့ကဲ့သို့ စစ်ဆေးရေး လမ်းကြောင်းများ ပိုမိုကြပ်တည်းလာသည့်အတွက် ကုန်ကားများမှာ လမ်းခရီးကြန့်ကြာပြီး တောထဲသို့ ၂ ညမှ ၃ ညအထိ ညအိပ် စောင့်ဆိုင်းခဲ့ရမှုများ ရှိနေသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

အဆိုပါ လမ်းခရီးကြန့်ကြာသည့်အတွက် လမ်းစရိတ်နှင့် စားစရိတ်များ ပိုမိုကုန်ကျလာသော်လည်း ကုန်ဈေးနှုန်းမှာ ကုန်ကျစရိတ်နှင့် မမျှသည့်အတွက် အမြတ်မကျန်တော့ဘဲ စားဝတ်နေရေးအတွက်သာ လုပ်ကိုင်နေရကြောင်း နောက်ထပ်ကုန်သည်တစ်ဦးက ပြောသည်။

“လမ်းကြောင်းမကောင်းရင် လေးငါးရက်ကြာတော့ စားရိတ်ထောင်းတာပေါ့။ ကုန်ကလည်း ဈေးမှမတက်တာ။ မကိုက်ဘူး၊ စားဖို့လောက်ပဲ ကျန်တယ်” ဟု အဆိုပါ ကုန်သည်က ပြောသည်။

လက်ရှိတွင် ထိုင်းကုန်စည် တင်သွင်းမှုကို ဆက်လက်ပိတ်ဆို့ ဖမ်းဆီးနေသည့်အတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူရောင်းဝယ်ရာတွင် အခက်အခဲများ ပိုမိုများပြား လာပြီး ပြည်တွင်းသို့ ကုန်စည်စီးဆင်းမှု ထိခိုက်လာကာ အခြေခံစားသုံးသူ ပြည်သူများအပေါ်သို့ ရိုက်ခတ်မှုများ သက်ရောက်လာနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုန်တင်ယာဥ်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များအတွင်း ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်အချို့ ပါဝင်နေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်း ရှိသည်။