Home သတင်း ဒေါနတောင်ကျရေဆင်း၍ ကော့ကရိတ်မြို့ ရပ်ကွက်၊ ကျေးရွာအချို့ ရေဝင်ရောက်လာ

ဒေါနတောင်ကျရေဆင်း၍ ကော့ကရိတ်မြို့ ရပ်ကွက်၊ ကျေးရွာအချို့ ရေဝင်ရောက်လာ

7
Photo: CJ

ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ယမန်နေ့၊ ဩဂုတ်လ (၁၉)ရက် ညပိုင်းကစ၍ ဒေါနတောင်ကျရေ ထပ်တိုးစီးဝင်လာခြင်းကြောင့် မြို့တွင်းမြေနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာအချို့ ရေကျော်ဝင်ရောက်မှုများ ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၁၅) ရက်နေ့မှစတင်ကာ အဆတ်မပြတ်ရွာသွန်းနေသည့် မုတ်သုန်မိုးအတွင်း တောင်ကျရေစီးဆင်းလာမှုကြောင့် ကော့ကရိတ်မြို့ နန်းကော်တိုး၊ ရွာသစ်၊‌ ချောင်းသောင်၊ ဝင်းကြီး၊ အောက်ရွာစု စသည့်ရပ်ကွက်များတွင် ရေဝင်ရောက်လာသည်ဟု ချောင်းသောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“မိုးမရပ်တာ တစ်ပတ်ရှိပြီ၊ တောင်ကျရေပါဆင်းတော့ ညဘက်ကတည်းက လမ်းမတွေပေါ်မှာရော၊ မြောင်းတွေရော ရေကျော်နေပြီ။ အခုမနက်ကျတော့ ချောင်းသောင်ရပ်ကွက်၊ ရွေကြက်မင်းဘက်၊ ရှမ်းစုဘက်ကနေ မြို့ပြင်အောက်ရွာ၊ ကွက်သစ်ဘက်အထိ ရေများလာတယ်။ လှိုင်ဝချောင်းအထိ ရေတိုး နေတယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ဒေါနတောင်ကျရေသည် ကော့ကရိတ်တောင်ပိုင်း ဟောင်သရောမြစ်အတွင်း တိုးဝင်၍ မြစ်ကမ်းနံဘေးရှိ တရိတခေါင်း၊ သုံးဆယ့်သုံးဆူ၊ ကမ္မရိုက် စသည့်ကျေးရွာများဘက်တွင်လည်း ရေကျော်ဝင်ရောက်နေခြင်းရှိကြောင်း သိရသည်။

Photo: CJ

ပြည်နယ်စစ်အုပ်စုဘက်ကမူ ကော့ကရိတ်မြို့အတွင်း နေအိမ်နှင့်စာသင်ကျောင်းများအတွင်း ရေဝင်ရောက်မှုကြောင့် လတ်တလော ကျောင်း(၆)ကျောင်းပိတ်ထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးနေသည်ဟု ဆိုသည်။

ထိုသို့ တောင်ကျချောင်းရေနှင့်မိုးရေကြောင့် ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကျုံဒိုးမြို့တို့နှင့်ဆက်စပ်နေသည့် သံလွင်၊ ဂျိုင်း၊ ဟောင်သရောနှင့် အတ္တရံမြစ်များတွင်လည်း မြစ်၏စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လျက်ရှိရာ မြစ်ကမ်းဘေးနေထိုင်သူအချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းတွင်လည်း မိုးသည်းထန်မှုကြောင့် ကရင်ပြည်နယ်တစ်ဝန်း မြစ်ရေလျှံတက်၍ ဖားအံ၊ မြဝတီမြို့ရပ်ကွက်နှင့်ကျေးရွာတချို့ တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းရှိခဲ့သည်။