Home သတင်း ဘန်ကောက်တွင် မြန်မာကလေးများပါဝင်သည့် မသင်္ကာဖွယ် ပန်းရောင်ကတ်ထုတ်ပေးမှု ထိုင်းအာဏာပိုင်များ ဖော်ထုတ်

ဘန်ကောက်တွင် မြန်မာကလေးများပါဝင်သည့် မသင်္ကာဖွယ် ပန်းရောင်ကတ်ထုတ်ပေးမှု ထိုင်းအာဏာပိုင်များ ဖော်ထုတ်

6
Photo & Ref: Thai PBS World

ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်းဒဲ (Din Daeng) ဧရိယာရှိ တိုက်ခန်းလိပ်စာ အများအပြားအသုံးပြုကာ မြန်မာရွှေ့ပြောင်းကလေးငယ်များအပါအဝင် နိုင်ငံခြားသား (၁,၃၀၀) ကျော်ကို နေထိုင်သူစာရင်းသွင်းပြီး ပန်းရောင်ကတ် ထုတ်ပေးးသည့်ဖြစ်စဉ်ကို အာဏာပိုင်များက စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြသည်။

အဆိုပါ တိုက်ခန်း (၃) ခုတွင် စုစုပေါင်း အခန်း (၄၄) ခန်းသာရှိသော်လည်း နေထိုင်ကြောင်းစာရင်းသွင်းထားသည့် အရေအတွက်မှာ ပုံမှန်မဟုတ်ဘဲ အလွန်များပြားနေသည်ကို ထိုင်းအာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် စစ်ဆေးမှုအတွင်း အစိုးရအရာရှိ ၃ ဦး အပါအဝင် သံသယရှိသူ ၇ ဦးအထိ ပါဝင်ပတ်သက်နေကြောင်း ထိုင်းအာဏာပိုင်များက ဖော်ထုတ်ထားသည်။

ယင်းသို့ နေထိုင်သူစာရင်းသွင်းမှုများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း မွေးဖွားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအတွက် အထောက်အထားစာရွက်စာတမ်းများ ထုတ်ပေးခဲ့ခြင်း ရှိ၊ မရှိကိုလည်း တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိသည်ဟု ထိုင်းသတင်းများက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ စာရွက်စာတမ်းအတု ပြုလုပ်မှု၊ အွန်လိုင်းငွေလိမ်လည်မှုနှင့် ငွေကြေးခဝါချမှုဆိုင်ရာ အမှုများကို စုံစမ်းဖော်ထုတ်နေစဉ်အတွင်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များအနေဖြင့် နေထိုင်သူစာရင်းသွင်းမှုများနှင့် ပန်းရောင်ကတ် ထုတ်ပေးမှုများ၏ နောက်ကွယ်၌ ပါဝင်ပတ်သက်သူ၊ ရည်ရွာ်ချက်၊ တရားမဝင်လုပ်ငန်းများနှင့် ဆက်စပ်မှု ရှိ၊ မရှိတို့ကို ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပန်းရောင်ကတ်ဆိုသည်မှာ ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထိုင်းအစိုးရက ထုတ်ပေးသည့် အထောက်အထားကတ်တစ်မျိုးဖြစ်ပြီး အလုပ်သမားကတ်နှင့် မတူဘဲ ကိုင်ဆောင်သူ၏ အထောက်အထားနှင့် နေထိုင်မှုအခြေအနေကို သက်သေပြနိုင်သော စာရွက်စာတမ်းတစ်ခုဖြစ်သည်။