Home သတင်း ရန်ကုန်က ကာလဝမ်းရောဂါကြောင့် ပြည်ဝင်ပေါက်များနှင့် ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကို စောင့်ကြည့်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား

ရန်ကုန်က ကာလဝမ်းရောဂါကြောင့် ပြည်ဝင်ပေါက်များနှင့် ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကို စောင့်ကြည့်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား

8
Photo crd- The Globe and Mail Reference- The Nation Thailand

ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်တွေ့ရှိရသည့် ကာလဝမ်းရောဂါကြောင့် အပြည်ပြည်ဆိုင်ရာဝင်ပေါက်နှင့် နယ်စပ်ဂိတ်များအပါအဝင် ထိုင်းရောက်မြန်မာအသိုင်းအဝိုင်းကို စောင့်ကြည့်စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်ရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့ကတည်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသနေရသူ ရာနှင့်ချီရှိနေပြီး ထိုအထဲတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုများလည်း ပါဝင်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာန အတည်ပြုချက်အရ သိရသည်။

ထိုင်းနိုင်ငံ၏ရောဂါထိန်းချုပ်ရေးဌာန-DDC အရ ထိုင်းပြည်သူများအတွက် ရန်ကုန်က ကာလဝမ်းရောဂါဖြစ်ပွားမှုအန္တရာယ် မကြီးမားသော်လည်း ထိုင်းနှင့်မြန်မာအကြား ခရီးသွားလာမှုမှတဆင့် ရောဂါကူးစက်ခံရသူများ နိုင်ငံအတွင်းဝင်ရောက်လာနိုင်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက သတိပေးသည်။

ယင်းကြောင့် အပြည်ပြည်ဆိုင်ရာမှထိုင်းဝင်ပေါက်များ၊ နယ်စပ်ဂိတ်ပေါက်များ၊ မြန်မာလူမျိုးအသိုင်းအဝိုင်းရှိသည့် ဆေးရုံ၊ဆေးခန်းများကို အထူးသတိထား တင်းကြပ်စစ်ဆေးရန်၊ ရောဂါတွေ့ရှိပါက တုံ့ပြန်ရေးအဖွဲ့များအဆင်သင့်ထားရှိရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ စုဝေးနေထိုင်ရာနေရာများတွင် အစားအသောက်၊ သောက်သုံးရေ၊ အိမ်သာနှင့် အမှိုက် သန့်ရှင်းရေးကို တင်းကျပ်စစ်ဆေးရန်လည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။

ထို့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့် နိုင်ငံတကာကွန်ရက်များဖြင့် သတင်းဖလှယ်ခြင်း၊ အခြေအနေစောင့်ကြည့်သုံးသပ်ခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာသို့သွားရောက်မည့်သူများအနေဖြင့် ရောဂါဖြစ်ပွားနေသည့်ဒေသကိုရှောင်၍ မဖြစ်မနေသွားရပါက ကာလဝမ်းရောဂါ ကြိုတင်ကာကွယ်ဆေးသောက်သုံးရန်နှင့် ဆောင်ရန်ရှောင်ရန်များကို DDC က အကြံပြုထားသည်။

ရန်ကုန်မြို့တွင် ဩဂုတ် ၉ ရက်နေ့မှစ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် ဆေးရုံတက်ကုသရသူ (၅၀၀) ရှိလာပြီး ထိုအထဲ၌ (၁၄၉) ဦးတွင် ကာလဝမ်းရောဂါပိုးဖြစ်ပွားမှု တွေ့ရှိရကြောင်း တိုင်းဒေသကြီးစစ်အုပ်စုက ဩဂုတ်လ(၁၇)ရက်နေ့တွင် အတည်ပြုခဲ့ခြင်းရှိသည်။

ထို့အတူ ဝမ်းရောဂါကြောင့် လမ်းဘေးဆိုင်များယာယီပိတ်ခိုင်းထားသလို လမ်းဘေးအစားအစာ စားသုံးခြင်း၊ မသန့်ရှင်းသည့်ရေသုံးစွဲခြင်းတို့မှရှောင်ကြဥ်၍ ယင်လုံအိမ်သာ စနစ်တကျသုံးစွဲကြရန်လည်း တိုင်းဒေသကြီးစစ်အုပ်စုက ညွှန်ကြားထားသည်။