Home သတင်း ‌လေး‌ကေ့‌ကော် စစ်‌ဘေး‌ရှောင် ပြည်သူများအတွက်အ‌ရေး‌ပေါ် အကူအညီများလိုအပ်ဟု KPSN ထုတ်ပြန်

‌လေး‌ကေ့‌ကော် စစ်‌ဘေး‌ရှောင် ပြည်သူများအတွက်အ‌ရေး‌ပေါ် အကူအညီများလိုအပ်ဟု KPSN ထုတ်ပြန်

1736

ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌လေး‌ကေ့‌ကော်နှင့် အနီးဝန်းကျင်တွင် ဖြစ်ပွား‌နေဆဲ တိုက်ပွဲများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌ဒေသခံ လူထု (၁၀,၀၀၀) တစ်‌သောင်း‌ကျော်အတွက် အ‌ရေး‌ပေါ်လူသားချင်း စာနာမှုအကူအညီနှင့် အကာအကွယ်များ လိုအပ်‌နေသည်ဟု ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြု ကွန်ရက်-KPSN က ယ‌နေ့ ဒီဇင်ဘာလ ၂၃ ရက်‌နေ့တွင် ထုတ်ပြန်‌ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်‌နေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ‌လေး‌ကေ့‌ကော် တိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ နီး စပ်ရာ စစ်တိုင်းများမှ တပ်အင်အား ဖြည့်တင်းမှုများနှင့် လက်နက်ကြီးများဖြင့် ‌နေ့စဉ်ပစ်ခတ်မှုများ‌ကြောင့် ‌ကျေးရွာ‌ပေါင်း ၈ ရွာမှ ‌ဒေသခံတစ်‌သောင်း‌ကျော်တွင် ‌သောင်ရင်းမြစ်ကို ဖြတ်၍ တစ်ဖက်ထိုင်းနိုင်ငံဘက်သို့ ၅ ‌ထောင်ခန့် ထွက်‌ပြေး‌နေရသလို ကျန်တစ်ဝက်‌ကျော်မှာလည်း နီးစပ်ရာ ‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက်တွင် ‌ပြေးလွှား ပုန်းကွယ်‌နေကြရဆဲဖြစ်ပြီး အ‌ရေး‌ပေါ် အကူအညီများ လိုအပ်‌နေဆဲဖြစ်သည်ဟု KPSN က ဆိုသည်။

KPSN ၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “အခု ထွက်‌ပြေး‌နေရတဲ့ ‌နေရာက တစ်‌နေရာထဲမှာ မဟုတ်ဘူး။ နယ်စပ် တစ်‌လျှောက်မှာ အများကြီးရှိ‌နေတယ်။ တချို့ လူမသိ လူမမြင်‌သေးတဲ့ ‌နေရာ‌တွေလည်းရှိ‌သေးတယ်။ အခုက ကိုယ့်အချင်းချင်းကြားက လတ်တ‌လော ကူညီမှုပဲ ရှိ‌နေ‌သေးတာ။ နိုင်ငံတကာက အဖွဲ့အစည်းကြီး‌တွေရဲ့ အကူအညီ ရရှိတာမျိုး‌တော့ မရှိ‌သေးဘူး။ အခုက တိုက်ပွဲက ဆက်ဖြစ်‌နေ‌သေးတဲ့အတွက် ‌ရေရှည်အတွက် အ‌ရေး‌ပေါ် လိုအပ်ချက်‌တွေက လိုအပ်‌နေဆဲဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ‌ပြေးလွှား‌နေရသည့် စစ်‌ဘေး‌ရှောင် ပြည်သူများအတွက် လုံခြုံမှု ‌ပေးနိုင်သည့် ‌နေရာတစ်ခုကို စီစဉ်‌ပေးရန် သက်ဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းအစိုးရ အကြား ‌ပြောဆို‌ဆွေး‌နွေးပြီး တိကျသည့် အစီအစဉ်တစ်ခု ချမှတ်‌ပေးသင့်‌ကြောင်းလည်း ‌နော်ဝါးခူရှီးက ဆက်‌ပြောသည်။

ထိုင်းအစိုးရ အ‌နေဖြင့် လက်ရှိ ‌သောင်ရင်းမြစ် ဖြတ်‌ကျော်‌ပြေး‌ရှောင်လာသူများကို လက်ခံ‌နေရာ‌ပေး ကူညီမှုများ ရှိ‌နေ‌သော်လည်း လက်ရှိ ဒုက္ခသည်သစ်များနှင့် ‌ဒေသခံဒုက္ခသည်များအ‌ပေါ် ခိုလှုံခွင့်နှင့် လူသားချင်းစာနာမှု အကူအညီ‌ပေး‌နေ‌သော အဖွဲ့အစည်းများမှ အကူအညီများကို လိုအပ်သည့်‌နေရာသို့ ‌ပေးပို့နိုင်ရန် အ‌ထောက်အကူပြု‌ပေးရန်လည်း KPSN က ထိုင်းအစိုးရကို အ‌ရေး‌ပေါ်‌တောင်းဆိုထားသည်။

လတ်တ‌လောတွင် ထိုင်းနိုင်ငံဘက်ခြမ်း‌ရောက်ရှိ‌နေကြသည့် စစ်‌ဘေး‌ရှောင် ပြည်သူများအတွက် အစားအ‌သောက် နှင့် အကူအညီအ‌ထောက်အပံ့များ ‌နေ့စဉ်ရရှိ‌နေကြ‌သော်လည်းပဲ မြန်မာပြည်ဘက်ခြမ်း ‌သောင်ရင်းမြစ်ကမ်း တစ်‌လျှောက်တွင် ‌ရှောင်‌ပြေး‌နေရသူများမှာ အစားအ‌သောက်များအပြင် အမိုးအကာ ‌နေရာထိုင်ခင်းအတွက် အကူအညီများ လိုအပ်‌နေ‌ကြောင်း ၎င်းတို့ကို အကူအညီ‌ပေး‌နေသူ လူငယ်တစ်ဦးက ယခုလို‌ပြောသည်။

“အခုဆို မြန်မာဘက် ကမ်းနားမှာ တဲ‌လေး‌တွေထိုးပြီး ခြုံ‌တွေကြားမှာ အဆင်‌ပြေသလို‌နေကြရတယ်။ ကျ‌နော် တို့ရိက္ခာသွားပို့မှ ထွက်လာပြီးယူကြတယ်။ ရိက္ခာ‌တွေက‌တော့ ပို့လို့ရ‌သေးတယ်။ အရင်က‌လောက်‌တော့ မလွတ်လပ်‌တော့ဘူး။ အစားအ‌သောက်‌တွေက‌တော့ အလျှံပယ်ပို့ကြတယ်။ အဓိကက‌တော့ ‌စောင်တို့ ခြင်‌ထောင်တို့လှူနိုင်ရင်ပို‌ကောင်းတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ လတ်တ‌လောတွင် ထိုင်းဘက်ခြမ်း ‌ရောက်ရှိ‌နေ‌သော မြန်မာစစ်‌ရှောင် အ‌ရေအတွက်မှာ ၅၇၀ဝ နီးပါးရှိ‌နေပြီး ၎င်းတို့အတွက် အစားအ‌သောက် ‌ဆေးဝါးအကူအညီများ လုံ‌လောက်မှုရှိ‌သော်လည်း ၎င်းတို့ အတွက် အမိုးအကာပါသည့် ‌နေရာထိုင်ခင်းနှင့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ လိုအပ်‌နေ‌သေး‌ကြောင်းလည်း ၎င်းတို့ကို ကူညီ‌ပေး‌နေသည့် ထိုင်း‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

“ကျ‌နော်တို့ နိုင်ငံသား‌တွေ အခုအမှန်တကယ် လိုအပ်‌နေတာက ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု။ ထိုင်းအစိုးရ က‌နေပြီး‌တော့မှ ကျန်းမာ‌ရေး ဝန်ထမ်း အလုံအ‌လောက်နဲ့ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု ‌ပေးဖို့လိုအပ်တယ်။ အခု ဒုက္ခသည်‌တွေဟာ လက်ရှိ ‌ကျောင်းတို့၊ ‌ဘောလုံးကွင်းတို့ အစရှိတဲ့ ‌နေရာ‌တွေမှာ ဟာလာဟင်းလင်း ‌နေရာမှာ လူ‌ထောင်ချီပြီး‌နေရတာထက်စာရင် UNHCR လိုမျိုးက ယာယီ အမိုးအကာပါတဲ့ တဲ‌လေး‌တွေကို ကူညီ‌ပေးနိုင်ရင် သက်ကြီး ရွယ်အို‌တွေနဲ့ က‌လေး သူငယ်‌တွေအတွက် ပိုပြီး အဆင်‌ပြေလိမ့်မယ်” ဟု အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ ကိုသားကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်ထိ အဆိုပါ ‌လေး‌ကေ့‌ကော်နှင့် အနီးဝန်းကျင် ‌ကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်ပြီး စစ်‌ကောင်စီ၏ ထိုးစစ်ဆင်မှုအ‌ပေါ် KPSN အ‌နေဖြင့် အပြင်းအထန် ရှုတ်ချ‌ကြောင်း ‌ပြောဆို ထားပြီး နိုင်ငံတကာအ‌နေဖြင့်လည်း စစ်‌ကောင်စီအ‌ပေါ် ဖိအားပိုမို‌ပေးပြီး စီးပွား‌ရေးအရ အ‌ရေးယူပိတ်ဆို့မှုများ ကို ပိုမိုလုပ်‌ဆောင်ရန် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ‌တောင်းဆိုထားသည်။

KPSN ကို KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်မှု လုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဖွဲ့စည်းခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ ဖွဲ့ပါဝင်သည်။