ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇွန်လက လှိုင်းဘွဲမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကရင်လူငယ် ၅ဦး အပါအဝင် စုစုပေါင်း ၉ဦးကို ယနေ့ လှိုင်းဘွဲမြို့နယ် တရားရုံး၌ ထောင်ဒဏ် ၂နှစ်စီ စီရင်ချက်ချခဲ့ကြောင်း ကေအိုင် စီက စုံစမ်းသိရှိရသည်။
“ထောင်ဒဏ် ၂နှစ်တဲ့။ ဒီနေ့တော့ အမိန့်ချပြီ။ ဖုန်းတွေဘာတွေ သူတို့ပစ္စည်းတွေကိုတော့ ပြန်ပေးပြီ။ ပိုက်ဆံတွေကို တော့ သိမ်းလိုက်တယ်။ ပထမပါလာတဲ့ပိုက်ဆံက သိရသလောက် ငွေကျပ်သိန်း ၄၀ကျော်ပါတယ်။ ဒါပေမယ့် နှစ်ဆယ် လောက်က ပျောက်နေပြီးတော့မှ သိန်း ၂ဝကိုပဲ ရုံးတင်တယ်။ အဲဒီသိန်း ၂ဝကို နိုင်ငံတော်ရဲ့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းလိုက်တယ်ပြောတယ်။”ဟု ၎င်းအမှုကိစ္စကို ချိတ်ဆက်ကူညီပေးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၆လကျော်ကြာ အမှုရင်ဆိုင်ရင်း ထောင်ဒဏ် ၂နှစ်ချမှတ်ခံရသူများမှာ စနေမင်း၊ နန့်ဇင်နန္ဒာအောင် (ခ) အဲ့သဒါး၊ စစိုး သီဟ၊ စနိုင်မင်းထက်၊ စမိုးစက်အောင်၊ စောကျော်ကြီး၊ စောဂျော်နေထူး၊ နော်စန်းစန်းသွယ်နှင့် ကားမောင်းသူ ဇော် လင်းညွှန့် (ခ) ဖိုးဇော်တို့ဖြစ်ကြပြီး ၎င်းတို့ကို လှိုင်းဘွဲမြို့နယ် တရားသူကြီး ဒေါ်ခိုင်မာလာအေးကြူက ပုဒ်မ ၅၀၅(က) ဖြင့် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။
ယနေ့ ရုံးထုတ်စီရင်ချက်ချမှတ်ရာတွင် အမှုဖွင့် တရားစွဲဆိုခံရသူများနှင့် ရှေ့နေတို့သာ ရုံးတော်ထဲ ဝင်ခွင့်ရ ခဲ့ပြီး ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများက တရားရုံးတွင် ဝင်ရောက်ခွင့်မရှိဘဲ အချုပ်ခန်းနေရာ၌သာ တွေ့ဆုံစကား ပြောဆိုခွင့်ရရှိခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ခဲ့ရသူများက ကေအိုင်စီသို့ ပြောသည်။
ဇွန်လ ၁ဝရက်နေ့က ကားမောင်းသူနှင့် လူငယ် ၅ဦး အပါအဝင် ကျန်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်း ဆီးခဲ့ပြီးနောက် လှိုင်းဘွဲမြို့နယ်မှတဆင့် ဖားအံမြို့၊ တောင်ကလေးထောင် အချုပ်ခန်းထဲတွင် ထိန်းသိမ်းချုပ်နှောင် ထားခဲ့သည်။
ယင်းသို့ စတင် ထိန်းသိမ်းထားချိန်တွင် ကိုဗစ်စစ်ဆေးရာ ပိုးကူးစက်မှုရှိသည့်အတွက် ကွာရန်တင်းစင်တာ၌ ဆေးကုသ မှုကို ခံယူခဲ့ရသေးကြောင်းလည်း နီးစပ်သူများမှတဆင့် သိရသည်။
ထိုသူများကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း ဇူလိုင်လ ၃ဝရက်နေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အ လင်း သတင်းစာတွင်မူ ဖမ်းဆီးခံရသူများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နယ်မြေအတွင်း အကြမ်းဖက်သင် တန်း တက်ရောက်၍ ပြန်လာကြသူများဖြစ်ကြောင်း သတင်းဖော်ပြခဲ့ကြသည်။
သို့သော် နီးစပ်သည့် အသိုင်းအဝိုင်းများ၏ ပြောဆိုချက်များအရ ထောင်ဒဏ်ချမှတ်ရာတွင် ပါဝင်ခဲ့ကြသည့် လူငယ်များ မှာ လူငယ်စွမ်းရည်မြှင့်သင်တန်းမှ ပြန်လာကြသူများသာဖြစ်ကြပြီး ယခု စီရင်ချက်ချမှတ်ပြီးနောက် တောင်ကလေး အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။



















