Home သတင်း မြဝတီမြို့နှင့် (၅) မိုင်ခန့်အကွာ မဲ့‌ထော်သ‌လေးရွာအနီးတိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံများ မြို့တွင်းမှကြား‌နေရ

မြဝတီမြို့နှင့် (၅) မိုင်ခန့်အကွာ မဲ့‌ထော်သ‌လေးရွာအနီးတိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံများ မြို့တွင်းမှကြား‌နေရ

1514

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့၏ ‌တောင်ဘက် ၅ မိုင်ခန့်အကွာ မဲ့‌ထော်သ‌လေးရွာအနီး ယ‌နေ့ မနက် ၄ နာရီဝန်းကျင်ခန့်မှစ၍ တိုက်ပွဲများ ဖြစ်‌နေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို မြို့တွင်းမှ အတိုင်းသားကြား‌နေရ၍ မြို့‌နေပြည်သူများအကြား ထိတ်လန့် စိုးရိမ်မှုများရှိ‌နေ‌ကြောင်း သိရသည်။

“ဒီ‌နေ့ မနက် ၄ နာရီ‌လောက်ကတည်းက ပစ်‌နေတာ။ မနက်(၇)နာရီ ဝန်းကျင်ထိ မရပ်‌သေးဘူး။ အချက်‌ရေ တစ်ရာ‌ကျော်‌လောက်ရှိမယ်ထင်တယ်။ လက်နက်ငယ် ပစ်ခတ်သံ‌တွေလည်း ကြားရတယ်။ ပစ်သံခတ်သံ‌တွေက အရင်ရက်‌တွေကကြားရတာထက် ပိုကျယ်ပြီး မြို့နဲ့ပိုနီးလာသလို ခံစားမိတယ်” ဟု မြဝတီ‌ဒေသခံတစ်ဦးက ‌ပြောသည်။

စစ်‌ကောင်စီတပ်မှ ယ‌နေ့ နံနက် ၄ နာရီခန့်ကတည်းက မြဝတီမြို့နှင့် ၃ မိုင်ခန့်အကွာ ‌မေတ္တာလင်းမြိုင်ရွာအနီး နှင့် ‌ကျောက်လုံးကြီး အ‌နောက်ဘက်ခြမ်းမှ‌နေ၍ လက်နက်ကြီးများဖြင့် မဲ့‌ထော်သ‌လေး ၊ အင်ကြင်းမြိုင်၊ ‌လေး‌ကေ‌ကော်‌ဒေသ ဘက်သို့ အဆက်မပြတ် ပစ်ခတ်‌နေခြင်း ဖြစ်သည်။

ထိုသို့အလားတူ ဒီဇင်ဘာ ၂၆ ရက် ည ၁၁ နာရီ‌ကျော်ခန့်ကလည်း ‌ကော့ကရိတ်မြို့၏ ‌တောင်ဘက် ‌ဒေါန‌တောင်‌ခြေ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့်‌နေရာအနီးသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့‌ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်‌နေ့ကစတင်ခဲ့သည့် စစ်‌ကောင်စီတပ်နှင့် KNLA မဟာမိတ်အဖွဲ့တို့၏ ‌လေး‌ကေ‌ကော် ‌ဒေသတိုက်ပွဲမှာ ယ‌နေ့ ဒီဇင်ဘာ ၂၇ ရက်‌နေ့ထိ ၁၃ ရက်ကြာတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်‌သေဆုံးမှုများ ရှိခဲ့‌ကြောင်း သိရသည်။