Home သတင်း ဒုတပ်ကြပ်အဆင့်ရှိ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNU ထံ ထွက်‌ပြေးလာ

ဒုတပ်ကြပ်အဆင့်ရှိ စစ်‌ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ KNU ထံ ထွက်‌ပြေးလာ

1427
ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ‌ကေအဲန်ယူ တပ်မဟာ ၅ နယ်‌မြေအတွင်း အာဏာဖီဆန်‌ရေး(CDM) ဝင်ခဲ့သည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ (Photo_KNU Mutraw

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင် ၊ တပ်မဟာ ၅ နယ်‌မြေ၊ ဒွယ်လိုးမြို့နယ် တွင် အ‌ခြေချလှုပ်ရှားသည့် စစ်‌ကောင်စီတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးသည် လက်နက်နှင့်အတူ ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA ၊ တပ်မဟာ ၅ ထံသို့ ထွက်‌ပြေးလာသည်ဟု ယမန်‌နေ့ ဒီဇင်ဘာလ ၂၆ရက်‌နေ့တွင် KNU မူ‌တြော်သတင်းစဉ်က သတင်း ထုတ်ပြန်ထားသည်။

ဖာပွန်မြို့အနီးရှိ နားကူနားစခန်းအ‌ခြေချ စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း- ခမရ ၄၀၇ မှ ဒုတပ်ကြပ် ‌မောင်ညွန့် ( ၃၀)နှစ် ၊ ကိုယ်ပိုင်နံပါတ်က တ/၃၉၂၉၇၈ သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ရက်‌နေ့တွင် စခန်းမှ ထွက်‌ပြေးကာ KNLA တပ်ရင်း ၁၀၂၊ တပ်ခွဲ (၁) ထံသို့ ‌ရောက်ရှိလာခြင်းဖြစ်သည်ဟု မူ‌တြော် သတင်းစဉ်က ‌ဖော်ပြထားသည်။

“ သူ‌ပြောပုံအရဆို သူစစ်သင်တန်းတက်တုန်းက သင်ခဲ့ရတာ တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်ရမယ်။ တကယ်တမ်း စစ်‌မြေပြင်မှာ ‌ရောက်တဲ့အခါကျ‌တော့ ‌ခေါင်း‌ဆောင်‌တွေက တိုင်းပြည်နဲ့ ပြည်သူလူထုကို ကာကွယ်‌ပေး တာ မဟုတ်‌တော့ဘူး။ အဓမ္မ အာဏာသိမ်းပြီး‌တော့ ပြည်သူက ‌ရွေး‌ကောက်တင်‌မြောက်ထားတဲ့ နိုင်ငံ့‌ခေါင်း‌ဆောင်‌တွေကိုလည်း ဖမ်းဆီး‌ထောင်ချတယ်။ အဲဒီအပြင် မိမိအခွင့်အ‌ရေးကို ‌တောင်းဆိုကြ တဲ့ ပြည်သူလူထု‌တွေဆိုလည်း ပစ်သတ်ဖို့ ညွှန်ကြားတဲ့အတွက် ပြည်သူလူထု‌တွေ အသက်ဆုံးရှုံးခဲ့ရတယ်။ ပြည်သူ‌တွေ ခက်ခက်ခဲခဲနဲ့ အသက်လုထွက်‌ပြေး ရတာကိုလည်း ‌တွေ့မြင်ရတာကို ခံစားခဲ့ရတယ်။ ဒီဟာ ‌တွေကို မခံမရပ်နိုင်တဲ့အဆုံး စစ်‌ကောင်စီတပ်က‌နေ ထွက်‌ပြေးလာတာလို့ ‌ပြောပါတယ်။ “ဟု ‌ကေအဲန်ယူ တပ်မဟာ ၅ ‌ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး‌စောကလယ်ဒို့က ‌ပြောသည်။

၎င်းအပြင် ဒုတပ်ကြပ် ‌မောင်ညွန့်နှင့်အတူ MA 1 လက်နက် ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်ဆံ ၂၅ဝ ‌တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့် M14 မိုင်း ၁ လုံး ပါရှိပြီး လက်ရှိအချိန်တွင် သူ့အား KNLA တပ်မဟာ ၅ က ‌ဘေးကင်းလုံခြုံသည့်‌နေရာတွင် ‌ကောင်းမွန်စွာ ‌စောင့်‌ရှောက်ထားသည်ဟုလည်း ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ဆက်‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်းတွင် KNU တပ်မဟာ ၅ ထံသို့ ထွက်‌ပြေး ‌ရောက်ရှိလာသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင် စုစု‌ပေါင်း ၁၄ ဦးရှိပြီးဟု KNU တပ်မဟာ ၅ ၏ မှတ်တမ်းအရ သိရသည်။