Home သတင်း ‌လေး‌ကေ‌ကော်တိုက်ပွဲအနီး ပိတ်မိ‌နေသူများ အ‌ရေး‌ပေါ် စားနပ်ရိက္ခာနှင့် ခြုံ‌စောင်များ လိုအပ်‌နေ

‌လေး‌ကေ‌ကော်တိုက်ပွဲအနီး ပိတ်မိ‌နေသူများ အ‌ရေး‌ပေါ် စားနပ်ရိက္ခာနှင့် ခြုံ‌စောင်များ လိုအပ်‌နေ

1276

ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တိုက်ပွဲ ဆက်လက်ဖြစ်ပွား‌နေဆဲ ‌လေး‌ကေ‌ကော်မြို့အနီးဝန်းကျင်တွင် ‌ဘေးလွတ်ရာသို့ ထွက်‌ပြေး တိမ်း‌ရှောင် ‌နေကြရသည့် ‌ဒေသခံ လူထုများအ‌နေဖြင့် စားနပ်ရိက္ခာ နှင့် အမိုးအကာ ခြုံ‌စောင်များ အ‌ရေး‌ပေါ် လိုအပ်မှုများရှိ‌နေ‌ကြောင်း ထွက်‌ပြေးတိမ်း‌ရှောင်း‌နေရသူများထံမှ သိရသည်။

သုံးရက် ဆက်တိုက်ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် ‌လေး‌ကေ‌ကော်မြို့ခံ လူထုနှင့် အနီးဝန်းကျင် ‌ဒေသခံများ ထိုင်းနိုင်ငံဘက် ခြမ်းသို့ ၂၀၀ဝ ‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသလို လက်ရှိ မြန်မာပြည်ဘက်ခြမ်းတွင်လည်း စစ်‌ဘေး‌ရှောင်‌နေရသူ တစ်‌ထောင်နီးပါး ကျန်ရစ်‌နေပြီး အ‌ရေး‌ပေါ် စားနှပ်ရိက္ခာနှင့် အမိုးအကာ ‌စောင်ခြုံများ လိုအပ်‌နေ‌ကြောင်း စစ်‌ရှောင်‌နေသူများကို ကွင်းဆင်းကူညီ‌ပေး‌နေသူ အမျိုးသမီးတစ်ဦးက ယခုလို ‌ပြောသည်။

“အခုက ရာသီဥတုက ‌အေး‌နေ‌တော့ အ‌နွေးထည်‌တွေ၊ ‌စော‌တွေ၊ ‌ခေါင်းအုံး‌တွေ အဓိက လိုတာ‌ပေါ့။ စား‌သောက်ဖို့လည်း လို‌နေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း‌တော့ အဆင်‌ပြေ‌ပေမဲ့တိုက်ပွဲ ဆက်ဖြစ်လာရင် ကျမတို့အတွက် အရမ်းခက်ခဲလာလိမ့်မယ်။ ရက်သတ္တပတ်ထက်ကြာလာရင်‌တော့ ကျမတို့လည်း ဘယ်လို လုပ်ရမလဲမသိ‌တော့ဘူး ဒီ လူအုပ်ကြီးနဲ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ဒီဇင်ဘာ ၁၅ ရက်‌နေ့မှစ၍ နယ်‌မြေ‌ကျော် ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(PDF)ပူး‌ပေါင်းတပ်ဖွဲ့အကြား ‌လေး‌ကေ‌ကော် မြို့တွင်း နှင့် မြို့နီးဝန်းကျင်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲ‌ကြောင့် ‌ဒေသခံ နှစ်‌ထောင်‌ကျော်မှာ ထိုင်းဘက်ခြမ်းကို ထွက်‌ပြေး တိမ်း‌ရှောင်ခဲ့ကြပြီး ‌ဒေသခံ တစ်‌ထောင်‌ကျော်မှာ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ထိုင်းဘက်ခြမ်းသို့ မ‌ပြေးကြဘဲ ကျန်ရစ်‌နေကြ‌ကြောင်းလည်း စစ်‌ဘေး‌ရှောင်သူများက ဆိုသည်။

လတ်တ‌လောတွင် အဆိုပါ တိုက်ပွဲဖြစ်ပွား‌နေသည့် ‌လေး‌ကေ‌ကော် အနီးဝန်းကျင် ‌ကျေးရွာများတွင် ‌ဒေသခံများ ပိတ်မိ‌နေကြသလို သွားလာမှုများကိုလည်း ပိတ်လိုက်ပြီးဖြစ်‌သော‌ကြောင့် ‌ဈေးဆိုင်များတွင် စား‌သောက်ကုန်များ ပြတ်လပ်လာ‌နေပြီးဖြစ်သလို အဆိုပါ စား‌သောက်ကုန် ‌ဈေးနှုန်းများလည်း တက်သွားပြီး ဖြစ်‌ကြောင်း စစ်‌ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခု စားဖို့ ‌သောက်ဖို့ဆိုလည်း သွားခိုးဝယ်ရတယ်။ လမ်းမှာ စစ်တပ်က ‌တွေ့ရင် လှမ်းလှမ်းပစ်တာ။ အခုက ဆိုင်ကယ်‌တွေ့လည်းပစ်၊ ကား‌တွေ့လည်း ပစ်တာ။ အဖြူအမဲ ဘာမှ မခွဲ‌တော့ဘူး။ အဲ့‌တော့ ခိုး‌ကြောင် ခိုးဝှက်နဲ့ သွားဝယ်ရတယ်။ အခုလည်း စား‌သောက်ကုန် ‌ဈေးနှုန်းက နှစ်ဆတက်သွားပြီး။ ဘာဖြစ်လဲဆို‌တော့ သူတို့လည်း ‌ဈေးသွားဝယ်လို့မရ‌တော့ဘူး‌လေ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

မြဝတီ-‌ဝေါ‌လေသွားကားလမ်း‌ပေါ်ရှိ မဲ့‌ထော်သ‌လေးရွာအဝင် အနီး‌နေရာမှာ စစ်‌ကောင်စီအဖွဲ့မှ တားဆီး စစ်‌ဆေးမှုများ ‌ဆောင်ရွက်‌နေခြင်း‌ကြောင့် ယခုစစ်‌ရေးပဋိပက္ခကြား ‌ရောက်‌နေသည့် မြဝတီ‌တောင်ဘက် ခြမ်း ‌ကျေးရွာများဖြစ်‌သော မဲ့‌ထော်သ‌လေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူး‌လေး ပဟိက‌လော်၊ ‌လေး‌ကေ‌ကော်၊ ရ‌သေ့ဂူ အစရှိ‌သော ‌ကျေးရွာ‌နေပြည်သူများ ၄၀၀ဝ ခန့်မှာ နီးစပ်ရာ‌တောတွင်း‌နေရာများနှင့် နယ်ခြား‌သောင်ရင်း မြစ်တဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ကူးကာ စစ်‌ရှောင်သွားခဲ့ကြပြီး ထိုင်းဘက်ခြမ်းကလည်း ကူညီ‌စောင့်‌ရှောက် ထား‌ပေးသည်။

လတ်တ‌လောတွင် ထိုင်းဘက်ခြမ်းသို့ စစ်‌ရှောင် လူဦး‌ရေ ၂၅၀ဝ ‌ကျော် ‌ရောက်ရှိသွားပြီး ယခင်က နီးစပ်ရာ နယ်ခြား ‌နေရာများတွင် ‌နေရာချ‌ပေးထား‌သော်လည်း ယမန်‌နေ့က စစ်‌ကောင်စီဘက်မှ လက်နက်ကြီးကျည်များ ထိုင်းဘက်ခြမ်းသို့ ကျ‌ရောက်‌ပေါက်ကွဲလာ‌သော‌ကြောင့် လက်ရှိတွင် နီးစပ်ရာ မဲ‌ဆောက်မြို့ရှိ ထိုင်း‌ကျောင်းများ တွင် ‌နေရာချ‌ပေးထားပြီး ထိုင်းလူမှုအဖွဲ့အစည်းများအပြင် ထိုင်း‌ရောက် မြန်မာပြည်သူများမှလည်း လိုအပ် သည့် စားနပ်ရိက္ခာ အဝတ်အစား ခြုံ‌စောင်များကို ကူညီ‌ထောက်ပံ့‌ပေးလျက်ရှိကြသည်။

ထိုင်း‌ရောက် စစ်‌ဘေး‌ရှောင်များကို ကူညီ‌ပေး‌နေသူ မြန်မာအမျိုးသမီးတစ်ဦးက “ကျမတို့ အခု‌လေးတင်ပဲ စစ်‌ရှောင်‌တွေ ထားတဲ့‌ကျောင်းကို ‌ရောက်ခဲ့တယ်။ လိုအပ်တဲ့ ပစ္စည်းတချို့ကို သွားပို့‌ပေးတာ‌ပေါ့။ ဒါ‌ပေမဲ့ စစ်‌ရှောင်‌တွေ ရှိတဲ့‌နေရာ‌တော့သူတို့ ‌ပေးမဝင်ဘူး။ လာလှူတဲ့ပစ္စည်း‌တွေကို အနားက ဘုန်းကြီး‌ကျောင်းမှာပဲ ထား‌ပေးခဲ့ရတယ်။ ကျမကြည့်တာ‌တော့ဒီကလူ‌တွေအတွက်က အဆင်‌ပြေတယ်။ ကျမတို့ စိတ်ပူတာက ဟိုဘက်ကမ်းက လူ‌တွေအတွက်ပဲ” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်‌နေ့ နံနက်ပိုင်းက စစ်‌ကောင်စီဘက်မှ ‌လေး‌ကေ‌ကော်မြို့တွင်းသို့ သ‌ဘောတူညီမှု မရယူဘဲ တိမ်း‌ရှောင်‌နေသူများကို ဝင်‌ရောက် ဖမ်းဆီးမှုများပြုလုပ်ရာမှ နှစ်ဖက်စစ်‌ရေးတင်းမာလာပြီး ၁၅ ရက်‌နေ့မှစ၍ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုနှင့် အရှင်ဖမ်းဆီးခံရမှုရှိခဲ့သည်။

ယ‌နေ့ နံနက်တွင်လည်း စစ်‌ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ‌လေး‌ကေ‌ကောမြို့သစ် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်‌နေပြီး ယမန်‌နေ့က စစ်ကူရန် ‌ကော့ကရိတ်-မြဝတီ အာရှလမ်းမှ တက်လာသည့် စစ်‌ကောင်စီ တပ်ကား ၅ စီးကိုလည်း KNLA ဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း‌ကြောင့် စစ်‌ကောင်စီဘက်မှ ၁ဝ ဦးထက် မနက် ထိခိုက် ကျဆုံးသွား‌ကြောင်းလည်း သတင်းအရင်းအမြစ်များက ဆိုထားသည်။

လက်ရှိ အ‌နေအထားအရ ‌လေး‌ကေ‌ကော်မြို့သစ်ဝန်းကျင်အပါအဝင် KNU တပ်မဟာ (၆) တပ်ရင်းနယ်‌မြေ တချို့တွင်လည်း တိုက်ပွဲများ ကူးစက်ဖြစ်ပွား‌နေပြီး စစ်‌ကောင်စီဘက်မှလည်း တပ်အင်အားများ ဖြည့်တင်း‌နေကာ ကျန် KNU နယ်‌မြေ‌ဒေသတချို့တွင်လည်း တိုက်ပွဲ ပြင်းထန်လာမည့်အ‌ပေါ် တပ်လှန့်ထားမှုများ ရှိ‌ကြောင်း သိရသည်။