Home သတင်း ‌ကော့တိုးမှ နဘူးတံခွန်တိုင်အထိ လမ်း‌ဖောက်လုပ်မှု‌ကြောင့် နစ်နာမှုရှိသည့် လယ်ယာခြံပိုင်ရှင်များ ခြိမ်း‌ခြောက်ခံ‌နေရ

‌ကော့တိုးမှ နဘူးတံခွန်တိုင်အထိ လမ်း‌ဖောက်လုပ်မှု‌ကြောင့် နစ်နာမှုရှိသည့် လယ်ယာခြံပိုင်ရှင်များ ခြိမ်း‌ခြောက်ခံ‌နေရ

1951

ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကော့တိုး−ထီးက‌လေး−သိကြား−နဘူးတံခွန်တိုင် ရွာချင်းဆက် လမ်းတံတား‌ဖောက်လုပ်မှုတွင် ‌ဒေသခံ လယ်ယာခြံပိုင်ရှင်များမှာ နစ်နာမှုများရှိ‌နေသည့်အပြင် ခြိမ်း‌ခြောက်ခံရမှုများလည်း ရှိ‌နေ‌ကြောင်း သိရသည်။

ရှားမူလာကုမ္ပဏီက တာဝန်ယူ‌ဆောင်ရွက်‌နေသည့် ‌မြေသားလမ်း (၇/၅)မိုင် လမ်း‌ပေါ်တွင် (၁၅၀)‌ပေ သံကူကွန်ကရစ် တံတား (၁)စင်း တည်‌ဆောက်‌ရေးလုပ်ငန်းကို ယခုနှစ် ၂၀၂၁၊ ‌အောက်တိုဘာလက စတင် အ‌ကောင်အထည်‌ဖော်ခဲ့ပြီး လယ်ယာနှင့်ခြံ‌မြေများ ဆုံးရှုံးခဲ့ကြသည့် ‌ဒေသခံအများစုကို တာဝန်ရှိသူများက နစ်နာ‌ကြေး တစ်စုံတစ်ရာ မ‌ပေး‌ဆောင် သည့်အပြင် ‌မြေပိုင်ရှင်များကို ခြိမ်း‌ခြောက်ခဲ့‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ လယ်ပိုင်ရှင်တစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “လမ်းစ ‌ဖောက်တာ ‌နေ့ရက်အတိအကျ‌တော့ မမှတ်မိ‌တော့ဘူး။ ထိခိုက်နစ်နာမှု‌တွေ‌တော့ ရှိတယ်။ ‌မောင် ‌ကျော်(ဦး‌လေး) လယ်‌မြေလည်း ပါတယ်။ ‌မောင်‌ကျော်တို့က ဘာမှ မတတ်နိုင်ဘူး‌လေ။ ‌လျော်‌ကြေး‌ပေးတာလည်း ဘာမှ မကြားရဘူး။ ဘာမှ မစီစဉ်‌ပေးဘူး။ လယ်ယာ‌မြေဆုံးရှုံးတဲ့ ရွာသား (၂၀)‌လောက် ရှိမယ်။ အတိအကျ‌တော့ မသိဘူး။ ရွာသားအားလုံးကို‌တော့ အသိမ‌ပေးဘူး။ ဒီလိုပဲ ဝင်လာပြီး ‌ဖောက်တာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါလမ်း‌ဖောက်လုပ်မှုကို သက်ဆိုင်ရာကုမ္ပဏီနှင့် နယ်‌မြေခံ KNU/KNLA-PC(ငြိမ်းချမ်း‌ရေး‌ကောင်စီ)တို့က ‌ဒေသခံ ရွာသားများကို အသိ‌ပေး အ‌ကြောင်းခြင်းမရှိဘဲ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်း‌ဖောက်လုပ်မှုကို ကန့်ကွက်ခဲ့ကြသည့် ‌ဒေသခံ ရွာသားတချို့ကိုလည်း ၎င်းလမ်းကို အသုံးမပြုရန် ခြိမ်း‌ခြောက်‌ပြောဆိုခဲ့‌ကြောင်း ‌ဒေသခံ ‌ကျေးရွာလူကြီးတစ်ဦးက ဆိုသည်။

၎င်းက “PC အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး လုပ်တာ။ တစ်ခါတည်း စက်ပစ္စည်း အစုံအလင်နဲ့ ‌ရောက်ချလာတာပဲ။ သူတို့ က ရွာသူရွာသား‌တွေနဲ့ တိုင်ပင်စည်း‌ဝေးတာလည်း မရှိဘူး။ မနက်က ကျ‌နော်ကြားတာက ဒီလမ်း‌ဖောက်လုပ်မှုအ‌ပေါ် ကန့်ကွက်တဲ့ ရွာသူ/သား‌တွေကို လမ်း‌ပေါ်‌ပေးမဖြတ်‌တော့ဘူး‌ပေါ့‌နော်။ ကြားတာက PC ‌ခေါင်း‌ဆောင်အချို့ဆီက‌ပေါ့။ အခု ပြည်တွင်းမှာလည်း မငြိမ်မသက်ဖြစ်‌နေ‌တော့ ဘာမှမလုပ်ဘဲ‌နေတာ ပို‌ကောင်းမယ် ထင်တယ်။ သူတို့ တစ်ခုခုလုပ် မယ်ဆို ရွာသူရွာသားနဲ့ တိုင်ပင်ပြီး ‌ပြေလည်မှုရှိမှလုပ်တာ အ‌ကောင်းဆုံးပဲ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လမ်း‌ဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၊ နဘူးမြို့နယ် အတွင်း‌ရေးမှူး ပဒို‌စောလွဲဒို့ အား ဆက်သွယ်‌မေးမြန်းရာတွင် ၎င်းတို့နှင့် ‌ဆွေး‌နွေးတိုင်ပင်မှုမရှိသည့်အတွက် မိမိတို့အ‌နေဖြင့် ဘာမှမသိရ‌ကြောင်း နှင့် လက်ရှိ လမ်း‌ဖောက်လုပ်ရာနယ်‌မြေသည် ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC) ထိန်းချုပ်နယ်‌မြေဖြစ်‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။

ထိုလမ်း‌ဖောက်လုပ်ခြင်း ကိစ္စရပ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC)၏ နယ်‌မြေခံ တာဝန်ရှိသူ သစ်‌တောမှူး ဗိုလ်မန်းစိန်‌အေးအား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဖုန်းလက်ခံ ‌ဖြေကြားခြင်း မရှိ‌ပေ။

‌ကော့တိုး−ထီးက‌လေး−သိကြား−နဘူးတံခွန်တိုင် ‌မြေသားလမ်းသည် ပြည်နယ်‌ကောင်စီ၏ နယ်စပ်‌ဒေသ ဖွံ့ဖြိုး‌ရေး၊ ‌ငွေလုံး‌ငွေရင်း (ခွင့်ပြုရန်ပုံ‌ငွေ)ဖြင့် ရှားမူလာကုမ္ပဏီက တာဝန်ယူ ‌ဖောက်လုပ်‌နေခြင်းဖြစ်ပြီး ကုန်ကျတန်ဖိုးကျပ် (၂၇၂.၅၈၀)သန်းရှိကာ ၎င်းလမ်းလုပ်ငန်းစဉ်တွင် ‌ပေ (၁၅၀) သံကူ ကွန်ကရစ်တံတားတစ်စင်းလည်း ပါဝင်သည်။