Home သတင်း တိုက်ပွဲဆက်ဖြစ်ပွားပြီး စစ်‌ကောင်စီက လက်နက်ကြီးငယ်များနှင့် ပစ်ခတ်‌နေ

တိုက်ပွဲဆက်ဖြစ်ပွားပြီး စစ်‌ကောင်စီက လက်နက်ကြီးငယ်များနှင့် ပစ်ခတ်‌နေ

946

ဒီဇင်ဘာ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

တိုက်ပွဲဖြစ်ပွားမှု ၁၁ရက်‌မြောက်‌နေ့ဖြစ်‌သော မြဝတီ‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်‌ဒေသတွင် ဒီဇင်ဘာလ ၂၅ရက်၊ ယ‌နေ့တွင် စစ်‌ကောင်စီဘက်က လက်နက်ကြီးများနှင့် ပစ်ခတ်‌နေသည့်အပြင် ‌မြေပြင်ထိုးစစ်လည်း အင်အားတိုး လုပ်‌ဆောင်လျှက်ရှိ‌နေသည်ဟု ‌ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရသည်။

ယ‌နေ့ နံနက်ကတည်းက စစ်‌ကောင်စီတပ်များဘက်မှ ဖလူးကြီး‌ကျေးရွာ၊ မယ်ဝါးခီး‌ကျေးရွာနှင့် ‌လေး‌ကေ‌ကော် ရပ် ကွက်(၆) အ‌နောက်ဘက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်‌နေပြီး လက်ရှိအချိန်ထိ အချက်‌ပေါင်း ၂၀‌ကျော်အထိရှိ လာ‌နေပြီဖြစ်‌ကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်‌နေသည့် KNLA တပ်ပိုင်း တာဝန်ရှိသူအချို့က ‌ပြောသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA ၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ကာ ကွယ်‌ရေးတပ်ဖွဲ့-PDF ပူး‌ပေါင်း‌တော်လှန်‌ရေးတပ်ဖွဲ့ဘက်လည်း စစ်‌ကြောင်းထိုးတက်လာမည့် စစ်‌ကောင်စီတပ်များကို ပြန်လည်ခုခံတိုက်ခိုက်‌နေကြသည်ဟု ဆိုသည်။

လတ်တ‌လောအချိန်တွင် ထိုင်း-မြန်မာ နှစ်ဘက်ခြမ်းစလုံးကို ‌ရောက်ရှိ‌နေကြသည့် စစ်‌ရှောင်ပြည်သူများကို ကရင်လူမှု အဖွဲ့အစည်းများ၊ ထိုင်းအရပ်ဖက် အဖွဲ့အစည်းများ၊ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား‌ရေး ကူညီ‌နေသည့်အဖွဲ့အစည်း များ၊ ထိုင်း‌ရောက် မြန်မာနိုင်ငံသားများ စစ်‌ဘေး‌ရှောင်ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့များက ‌နေ့ညမပြတ် စား‌သောက်‌ရေး နှင့် ‌နေရာထိုင်ခင်း ပစ္စည်းများ ‌ထောက်ပံ့ကူညီ‌ပေးလျက်ရှိသည်။

ထို့အတူ မြန်မာနိုင်ငံဘက်ခြမ်းရှိ ‌လေး‌ကေ‌ကော်‌ဒေသတစ်ဝိုက်မှ စစ်‌ဘေး‌ရှောင်ပြည်သူ ၄၆၅ဦးကို ထိုင်း-မြန်မာနယ် စပ် ‌သောင်ရင်းမြစ်‌ဘေး ‌ပြောင်းစိုက်ခင်းတစ်‌နေရာတွင် ယာယီစစ်‌ရှောင်စခန်းဖွင့်ပြီး ကျန်မာ‌ရေး‌စောင့်‌ရှောက်မှုနှင့် ‌နေရာထိုင်ခင်း စီစဉ်‌ပေးထားကာ အစားအ‌သောက် ချက်ပြုတ်‌ကျွေး‌မွေးပြီး ‌စောင့်‌ရှောက်‌ပေး‌နေသည်ဟု တာဝန်ရှိသူ များက ‌ပြောသည်။

ယ‌နေ့နံနက် ၉နာရီခန့်တွင် မြဝတီ‌တောင်ဘက်ရှိ ‌သေ‌ဘော‌ဘော ‌ကျေးရွာဘက်တွင်လည်း စစ်‌ကောင်စီတပ်ဖွဲ့နှင့် ကရင့်‌တော်လှန်‌ရေးပူး‌ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်က ပစ်လိုက်‌သော လက်နက်ကြီး ‌ကြောင့် လူ‌နေအိမ်အချို့ ထိမှန်ပျက်စီးမှုရှိခဲ့သလို ထိုင်းဘက်ခြမ်းသို့ ကျည်ကျ‌ရောက်‌ပေါက်ကွဲသည့်အတွက် လူ‌နေအိမ် ပျက်စီးမှုများလည်းရှိသည်ဟု ရွာသားများက ‌ပြောသည်။
‌နောက်ဆုံးရရှိသည့်သတင်းအရ ယ‌နေ့ မွန်းလွဲ ၁နာရီခွဲခန့် အချိန်တွင် စစ်‌ကောင်စီက ‌လေယာဉ်ဖြင့် ထပ်မံ လာ‌ရောက်ကာ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသည်ဟု ‌မြေပြင်သတင်းအရ သိရသည်။