ဒီဇင်ဘာ ၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မှော်ဘီမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်တစ်ဦး၏ “တိုးပွားအောင်” ဆောက်လုပ်ရေးပစ္စည်း အရောင်း ဆိုင် တွဲလျက်အခန်းသည် လမ်းနယ်နှင့်ညှိနေသည်ဟုဆိုကာ ဒီဇင်ဘာလ ၆ရက်နေ့ မွန်းလွဲပိုင်းက ဘူဒိုဇာဖြင့် အဖျက် ခံလိုက်ရသည်ဟု ဆိုင်မိသားစုဝင်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီး၊ အင်းလျက်ကျေးရွာအုပ်စု၊ ကျောက်ပုံးရွာထိပ် ရှိ မှော်ဘီ စာ/ယဉ် စာရင်းစစ်အဖွဲ့ဝင် စောသန့်ဇင်၏ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင် တွဲလျက်အခန်းအကျယ် တစ်ဝက်ခန့်သည် လမ်းနယ် အလယ်ဗဟိုမှ ၇၅ပေအတွင်း ကျရောက်သည့်အတွက် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင် များက ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
“ဆိုင်က အမှတ် ၄ ကားလမ်းမဘေးမှာ ဖွင့်ထားတာပါ။ ဆိုင်ရဲ့တွဲလျက်အခန်းပေါ့။ လမ်းနယ် ၇၅ပေအတွင်းမှာ တစ် ဝက်လောက် သွားညှိနေတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ညှိနှိုင်းမလို့။ မရဘူးဆိုတော့ ဖျက်ပါ။ ဒါက ဆိုင်ကိစ္စ။ ဆိုင်နဲ့ မျက်နှာချင်းဆိုင် ကိုယ့်လယ်ထဲမှာ ထန်းတက်သမားမိသားစုက တစ်ရာသီစာ လာတောင်းနေ(နေထိုင်)တယ်။ သူတို့က လမ်းနယ်နဲ့ ၇၅ပေ အလွတ်ကြီး။ ဒါပေမဲ့ ကျူးကျော်ဆိုပြီး အဖျက်ခံလိုက်ရတယ်။ ဒါတော့ စိတ်မကောင်း ဖြစ်မိတယ်။” ဟု ဆိုင်မိသားစုဝင်တစ်ဦးက ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက အမှတ်(၄)လမ်းမကြီး လမ်းနယ်ကို ပေ ၁၅ဝ သတ်မှတ်ထားပြီး လမ်း အလယ်ဗဟိုမှာ တဖက်စီ ၇၅ပေအဖြစ် သတ်မှတ်ထားကြောင်း၊ အဆိုပါ ဧရိယာအတွင်းရှိ အဆောက်အဦးများကို ဒီဇင် ဘာလ ၂ရက်နေ့ နောက်ဆုံးထားကာ မိမိအစီအစဉ်ဖြင့် ဖျက်သိမ်းရန် အကြောင်းကြားစာများထုတ်ပြန်ခဲ့သည်ဟု ဒေသ ခံများထံမှ သိရသည်။
“ဆိုင်က စည်ပင်ခွန်၊ ဝင်ငွေခွန် အကုန်လုံး နှစ်တိုင်း ပေးဆောင်ခဲ့တယ်။ အဖျက်ခံရတဲ့အခန်းက လမ်းနယ်နဲ့ညှိနေ တော့ ဘယ်လိုလုပ်ရမလဲဆိုတာ လိုက်မေးကြည့်တော့ လမ်းဘေး ကိုယ်ပိုင်မြေရှိပြီး ကျူးကျော်မဟုတ်ရင် ညှိနှိုင်းလို့ရ တယ်လို့ကြားလို့ မဖျက်ဘဲ ထားလိုက်တာ။ ဒီ ၄လမ်းမကြီး ဖောက်တုန်းက အရင် နဝတခေတ်ထင်တယ် ဘိုးဘွားတွေ ရဲ့လယ်ကို အသိမ်းခံခဲ့ရတယ်။ ဒီရွာထိပ် လမ်းဖြစ်သွားတဲ့နေရာက ဘိုးဘွားပိုင်လယ်တွေပါ။ ကျူးကျော် မဟုတ်ဘူး။” ဟု ဆိုင်မိသားစုဝင်တစ်ဦးက ဆက်ပြောသည်။
အဖျက်ခံရသည့် ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စောသန့်ဇင်သည် မှော်ဘီမြို့နယ် ကရင်နှစ်သစ်ကူးပွဲ တော်ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သလို ယခင်က မှော်ဘီမြို့နယ်၊ ကရင်နှစ်သစ်ကူးကို ကျောက်ပုံး ရွာ၌ ကျင်းပနိုင်ရန် ဦးဆောင်ခဲ့သူလည်းဖြစ်ပြီး မှော်ဘီ ကရင်လူမှုအသိုင်းအဝိုင်းအတွင်း လူသိများသူတစ်ဦးဖြစ် ကြောင်း မှော်ဘီ စာ/ယဉ် အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။