အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာတွင် ဝင်ရောက်တပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၈ ရက်နေ့က ထိုကျေးရွာရှိ နေအိမ်တစ်လုံးနှင့်ပရိဘောဂ အလုပ်ရုံတစ်ခုကို မီးရှို့ဖျက်ဆီးလိုက်သည့်အပြင် ဒေသခံကားတစ်စီးနှင့် ဆိုင်ကယ်အစီး ၃ဝ ခန့်ကိုလည်း သိမ်းယူသွားခဲ့ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယနေ့(အောက်တိုဘာ ၁ရက်) ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၃ဝ ရက်နေ့တွင်လည်း အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဝင်းကဖော်ကျေးရွာရှိ ဒေသခံနေအိမ် ၁ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု အမည်မဖော်လိုသူ ၎င်းဒေသခံက ဆက်ပြောသည်။
၎င်းက ” နေအိမ်မီးရှို့တဲ့အပြင် တိုက်ပွဲမဖြစ်ဘဲ ကွမ်းသီးခြံတွေမှာလည်း လူတွေထွက်ပြေးတာတွေ့ရင် လိုက်ပစ်တယ်။ နေအိမ်တွေကိုလည်း လိုက်ဝင်မွှေသွားတာရှိတယ်။ အခုက တစ်ရွာပြီးတစ်ရွာ လိုက်ဝင် မွှေနေ တယ်။ သဲချောင်းကြီးရဲကင်းမှာ မီးရှို့ခံရတဲ့သတင်းကြောင့် ရောက်လာတယ် လို့ကြားတယ်။ အမှန်တော့ ရဲကင်းက မီးရှို့မခံရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ အောက်တိုဘာလ ၁ ရက်နေ့နံနက်ပိုင်းတွင်လည်း သဲချောင်းကြီးနှင့် ဝင်းကဖော်ကျေးရွာကြားရှိ ကျွဲခြံကျေး ရွာတွင်လည်း နာမည်စာရင်းနှင့်တကွ ဝင်ရောက်ရှာဖွေမေးမြန်းမှုများပြုလုပ်ခဲ့ပြီး လူနေအိမ်အတွင်း ပစ္စည်းများ ကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့သည့်အပြင် ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းထားရှိသည့် ကားများကိုလည်း ရိုက်နှက်ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကတည်း တပ်အင်အား ၇ဝ ခန့်ပါ ထိုစစ်ကောင်စီတပ်ဖွဲ့သည် သဲချောင်ကြီးရွာရှိ ရဲကင်းနေရာ၊ စာသင်ကျောင်းနေရာများတွင် တပ်စွဲနေထိုင်ပြီးနောက် အနီးအနားရှိ ကျေးရွာ များတွင် တစ်ရွာဝင်တစ်ရွာထွက် လိုက်လံဖမ်းဆီးရှာဖွေမှုများလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြော သည်။
စစ်ကောင်စီတပ်ဘက်မှ ကျေးရွာအတွင်း ထိုသို့ ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ ပြဿနာရှာသည့်အတွက် စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများနှင့် ဒေသခံအမြောက်အများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံအများစုသည် ကွမ်းသီးပင်များစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်ပြီး ယခုအချိန်တွင် ကွမ်းသီးများ စတင်မှည့်ပြီး ခူးရမည့်အချိန်ဖြစ်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကွမ်းသီးခြံများတွင် ဝင်ရောက်တပ်စွဲကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံများမှာ ကွမ်းသီးခြံအတွင်း မသွားရဲတော့ကြောင်း လည်း ဒေသခံများက ပြောသည်။
၎င်းအပြင် ယမန်နေ့ စက်တင်ဘာလ ၃ဝ ရက်နေ့ နံနက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်းကဖော်ရွာချောင်းမကြီး တစ်ဖက်ကမ်းတွင် ဝင်ရောက်လာပြီး ထွက်ပြေးနေသည့် ဒေသခံများကို လိုက်လံပစ်ခတ်ခဲ့ရာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည်ဟု ဒေသခံများက ပြောသည်။



















