အောက်တိုဘာ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ယခု ရက်ပိုင်းအတွင်း မြန်မာငွေကြေးကျဆင်းလာပြီး နယ်စပ်တွင် ထိုင်း-မြန်မာ ငွေလဲဈေးကွက် မတည်ငြိမ်ဖြစ်နေ၍ မြဝတီနယ်စပ်မှတဆင့် ထိုင်းကုန်ပစ္စည်းများ တင်သွင်းမှု ယခင်ကထက် နည်းပါးလာကြောင်း သိရသည်။
ယခင် ဩဂုတ်လ တတိယအပတ်က မြဝတီနယ်စပ် ထိုင်း-မြန်မာငွေလဲဈေးကွက်တွင် ထိုင်းဘတ်ငွေ ၂၀၀ဝ ဝန်းကျင်ကို မြန်မာငွေ တစ်သိန်းကျပ်ဖြင့် လဲလှယ်ခဲ့ကြရာမှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းဘတ်ငွေ ၁၄၈ဝ ကို မြန်မာငွေ တစ်သိန်းကျပ်အထိ ပေးဝယ်ရသည့် မြန်မာငွေကြေး စံချိန်တင်ကျဆင်းမှု ဖြစ်ခဲ့သည်။
၎င်းနောက် ယခုရက်များမှာတော့ အနည်းငယ် ပြန်တက်လာရာ ယနေ့ အောက်တို ဘာလ ၁ ရက်နေ့တွင် ထိုင်းဘတ်ငွေ ၁၆၅ဝ ကို မြန်မာငွေ တစ်သိန်းကျပ် ပြန်တက်လာသည်။
ထိုသို့ ငွေလဲလှယ်မှု၌ ဈေးကွက် မတည်ငြိမ်မှုများနှင့် မြန်မာငွေ တန်ဖိုးကျဆင်းလာမှုများကြောင့် ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းများ ဝယ်ယူတင်သွင်းမှုမှာ ယခုရက် ပိုင်းတွင် ယခင်ကာကထက် လျော့နည်းလာကြောင်း မြဝတီနယ်စပ်ကုန်သည် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ထိုင်းဘက်ခြမ်းက ကုန်ဈေးနှုန်း မတက်ပေမယ့် လက်ရှိအခြေအနေမှာ မြန်မာ ငွေကြေးကျဆင်းနေခြင်းကြောင့် ကုန်ပစ္စည်း ဝယ်ယူမှုမှာ ငွေတွေပိုပေးနေရသလို ဖြစ်နေတယ်။ ပြည်တွင်းမှာ ပြန်ရောင်းတဲ့အခါမှာလည်း ဈေးမြင့်ထားရခြင်းကြောင့် ရောင်းအားကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်မို့ ဒီရက်ပိုင်းထဲမှာ ကုန်သည်တွေအနေနဲ့ ထိုင်းကုန် ပစ္စည်းတွေကို တင်သွင်းမှုကို လျှော့ချလိုက်တာ ဖြစ်တယ်”ဟု ၎င်းကုန်သည်က ပြောသည်။
ထို့အပြင် ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းဝယ်ယူမှုတွင် နှစ်နိုင်ငံ နယ်စပ်ကုန် သည်များအနေဖြင့် ဈေးနှုန်းတစ်ခုသတ်မှတ်ကာ နှစ်ချုပ်၊ လချုပ်များဖြင့် ဝယ်ယူ ကြရပြီး နောက်ထပ် ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းများ ဝယ်ယူရန် စာချုပ်ချုပ်ရန် အတွက် ယခုအောက်တိုဘာလအတွင်း ငွေကြေးတည်ငြိမ်မှုရှိမရှိအပေါ် အပေါ်မူ တည်၍ လုပ်ကိုင်ဆောင်ရွက်သွားရမည်ဟုလည်း အဆိုပါကုန်သည်က ဆက်ပြော သည်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် အများဆုံးဟုဆိုရမည့် မြဝတီနယ်စပ် ကုန်သွယ်ရေးမှာ (၁.၁၀.၂၀၂ဝခုနှစ်) မှ (၁၇.၉ .၂၀၂၁ ခုနှစ်)အတွင်း ပို့ကုန်သွင်းကုန်တန်ဖိုးကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၅ဝ သန်းရှိခဲ့ပြီး ယခင်နှစ်ကာလ တူမှာ အမေရိကန်ဒေါ်လာ ၁၁၇၈ သန်းသာရှိခဲ့၍ ကုန်သွယ်မှုပမာဏ ၆၇၂ သန်းကျော် တိုးတက်လာသည်ဟု ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ထားမှုမှ သိရသည်။
သို့သော် ယခုရက်ပိုင်းအတွင်း မြန်မာငွေကြေးကျဆင်းမှုနှင့်အတူ ငွေလဲလှယ်မှု ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင်များစွာ ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း မြဝတီနယ်စပ်ကုန်သည်များမှ သုံးသပ်ပြောကြားမှုများ လည်း ရှိနေသည်။



















