အောက်တိုဘာ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ယမန်နေ့(စက်တင်ဘာလ ၃၀)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောဆိုချက်မှာ လက်တွေ့မကျဘဲ အပြောသက်သက်သာ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဘက်က တုန့်ပြန်ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေး တည်ဆောက်မှုသည် ယုံကြည်မှုအပေါ်တွင် အဓိက အခြေခံထားသဖြင့် လက်ရှိ စစ်ကောင်စီ၏ အာဏာသိမ်း ယူမှုသည် အားလုံး၏ယုံကြည်မှုကို ပျက်ပြားစေပြီး ယခုပြောဆိုမှုသည်လည်း ပါးစပ်ပြောသာဖြစ်ကြောင်း ကေအိုင်စီ-ကရင်သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယခုလိုပြောသည်။
“အာဏာကို အတင်းလုယူတဲ့အပေါ်မှာ အခုစစ်ကောင်စီက ကျနော်တို့တိုင်းရင်းသားနဲ့ သူတို့ကြား၊ သူတို့ အချင်း ချင်းကြားနဲ့ ပြည်သူလူထုကြားမှာရှိနေတဲ့ ယုံကြည်မှုအားလုံးက အကုန်ပျက်စီးကုန်ပြီ။ အခုကလည်း ပါးစပ် ပြောပဲရှိတယ်။ တကယ်လုပ်ချင်ရင် အခုအာဏာသိမ်းထားတွေအကုန် ပြန်ရုပ်သိမ်းဖို့ လိုတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကို ပါးစပ်ဖြင့်သာ ပြောဆိုလို့မရသလို ယုံကြည်မှု တည်ဆောက်နိုင်ခြင်းမရှိလျှင် ပါးစပ်ပြော သာဖြစ်လာမည်ဖြစ်ပြီး လက်ရှိ တစ်တိုင်းပြည်လုံး ဖြန့်ကျက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ပြန်လည်ရုပ် သိမ်းပြီး မြို့ပေါ်ဒေသနှင့် တိုင်းရင်းသားနယ်မြေများအတွင်း အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများကိုလည်း လက်တွေ့ ရပ်တန့်သင့်ကြောင်းလည်း ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်အတွက်လည်း လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်များထဲတွင် ပထမအနေဖြင့် သက်ဆိုင်ရာတိုင်းရင်းသားများ၊ သက်ဆိုင်သူများကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ဒုတိယအနေဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAOs များ တိုက်ရိုက်ဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မြှင့်တင်ရေး အဖွဲ့များနှင့် ဆွေးနွေးခြင်းဟူ၍ ဖြစ်သည်။
ထို့အပြင် နောက်ဆုံးအချက်တွင် NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်လျက် ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေး၊ နှစ်ဖက်သဘောတူညီချက်များရရှိရေးများ ဆောင်ရွက်ခြင်းဟူ၍ စစ်ကောင်စီဘက်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီဘက်မှ (၅) လတာ အပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သေးပြီး ၎င်းကြေညာချက်နှင့် ပတ်သက်၍လည်း အယုံအကြည်မရှိကြောင်း KNU အထွေထွေအတွင်း ရေးမှူးချုပ်ပဒိုစောတာဒိုမူးက ပြောသည်။
“ဒီလို ပါးစပ်ပြောဆိုချက်မျိုး၊ ထုတ်ပြန်ချက်မျိုး ထုတ်လိုက်တာနဲ့က ဘယ်လိုမှ ယုံကြည်စရာမရှိပါဘူး။ ပြောရ မယ်ဆိုရင် အရင်တုန်း NCA လိုစာချုပ်မျိုး ချုပ်ဆိုခဲ့တာတောင် လုပ်ချင်ရာလုပ်၊ ပစ်ချင်ရာပစ်နေခဲ့တာပဲ။ အဲ့ဒါကြောင့် အားလုံးက အပြောသက်သက်ပါပဲ” ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်က ထောက်ပြပြောဆိုသည်။
လက်ရှိတွင် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် အာဏာသိမ်းသည့် လုပ်ရပ်အပေါ် လက်မခံနိုင်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီး ပဏာမအပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေသည့် မြောက်ပိုင်းမဟာမိတ်တပ်များသည်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်ခြင်း မရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက အာဏာသိမ်းမှုကို ပြန်လည်ရုပ်သိမ်းပြီးနိုင်ငံ တွင်း အကြမ်းဖက်မှုလုပ်ငန်းလုပ်ဆောင်မှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ မြို့ပြဒေသနှင့် တိုင်းရင်းသား ဒေသအတွင်းရှိ ၎င်းတို့ တပ်ဖွဲ့အင်အားများကို ပြန်ရုပ်သိမ်းပေးပြီး စစ်တန်းလျားသို့ ပြန်သွားရန်နှင့် စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမလုပ်တော့ဘဲ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားမည်ဟု အတိအလင်း ကြေညာသွားရန်လိုအပ်သည်ဟု ပဒိုစောတာဒိုမူးက ပြောသည်။



















