အောက်တိုဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ယနေ့ အောက်တိုဘာ ၂ဝ ရက် နံနက် ၁ဝ နာရီခန့်က ဆိုင်ကယ် Taxi မောင်းသူတစ်ဦးအား လည်ပင်းကို ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက် ထွက်ပြေးသူ အမျိုးသား နှစ်ဦးအား ဖားအံ-မော်လမြိုင်သွားလမ်း ဇာသပြင်တံတားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂ဝ ရက်နံနက် ၁ဝ နာရီအချိန်ခန့်ကမြဝတီမြို့၊ အမှတ် ၅ ရပ်ကွက်ရေပူကျေးရွာနေဆိုင်ကယ် Taxi နံပါတ်(၃၈)မောင်းသူ ဦးကျော်မင်း အသက်(၄၀)နှစ်သည် ဆိုင်ကယ် Taxi မောင်းနေစဉ် ၎င်းနှင့်အိမ်နီးချင်းဖြစ်သူ ဦးဝင်းထွန်း နှင့် ချစ်အောင်သဲတို့ သားအဖနှစ်ဦးမှ ဆိုင်ကယ် Taxi ငှားစီးရာ ဦးကျော်မင်းက လိုက်ပို့ပေးခဲ့သည်။
ထိုသို့ လိုက်ပို့ပေးစဉ် မြဝတီမြို့ပြင် တိုးချဲ့ ရပ်ကွက် ၆နှင့် ၇ လမ်းကြား တစ်နေရာအရောက်တွင် ဆိုင်ကယ်ငှားစီးသူ သားအဖ နှစ်ဦးမှအသင့်ပါလာသော ဓားဖြင့် ဦးကျော်မင်းအား လည်ပင်းလှီးကာ ဆိုင်ကယ်လုယက် ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဆိုင်ကယ်လုပြေးသူ နှစ်ဦးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ဘက်သို့ မောင်းပြေးရာ ဇာသပြင်တံတား အရောက်တွင် လုယူသွားသည့်ဆိုင်ကယ်နှင့်အတူဖမ်းဆီးရမိထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိမှာ ဦးကျော်မင်းတွင် လည်ပင်း၌ ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံမှ ဖားအံဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း ၎င်း၏မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။