စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် ထိုင်းပြန်မြန်မာ လုပ်သား ၄၈ဝ ဦး ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြည်တွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်း ဂယက်ကြောင့် မြဝတီနယ်စပ်ဝင်ပေါက်မှတဆင့် နေရပ်ပြန်များကို ဩဂုတ် ၁ ရက်နေ့ မှစ၍ တစ်ရက်ခြား လူ ၂၀ဝ သာ ပြည်ဝင်လက်ခံခဲ့ရာမှ စက်တင်ဘာ ၂၄ ရက်မှစ၍ လူ ၂၉၁ ထိ နှင့် ယနေ့တွင်မူ နေရပ်ပြန်လာသူ ၄၈ဝ ဦးအထိကို တိုးမြှင့်လက်ခံခဲ့ခြင်းဖြစ်သည်။
ထိုသို့ လူဦးရေတိုးမြှင့်ပြီး ပြည်ဝင်ခွင့် လက်ခံပေးခြင်းသည် ကိုဗစ်ရောဂါ အခြေအနေ လျှော့ကျလာမှု အပေါ်တွင်မူတည်ပြီး တာဝန်ရှိသူများက သုံးသပ်ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု ဆိုကြသည်။
ယခုရက်ပိုင်း နေရပ်ပြန်ဝင်ရောက် လာသူများကို မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာ၊ တိုးချဲ့မဲကနယ်ကိုဗစ်စင်တာနှင့် လိုအပ်လျှင် အခြားသော Quarantine Center များတွင် ထားကာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ RTD Test Kit ဖြင့်စစ်ဆေးပြီး ပိုးတွေ့လူနာများကို ကုသပေးသွားမည်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
ရောဂါပိုးမတွေ့ရှိသူများကိုမူ အဆိုပါ ကိုဗစ်စင်တာများတွင် ၁ဝ ရက်ခန့်ထားပြီး နေရပ်ပြန်လိုသည့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်သို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
ယခုနှစ် ဩဂုတ်လ ၁ ရက်မှစ၍ ယနေ့အထိ မြဝတီနယ်စပ်မှတဆင့် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား ၆၂၃၈ ဦးအထိ ရှိလာပြီး ထိုထဲတွင် ကိုဗစ်ပိုးတွေ့လူနာများပါရှိသည်ဟု ကြားသိရသော်လည်း စုစုပေါင်း နေရပ်ပြန် ပိုးတွေ့လူနာ အရေအတွက်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားမှုမှာ ပါဝင်လာခြင်းတော့ မတွေ့ရသေးပါ။