စစ်စခန်း ….အလွမ်းကဗျာ
မိသားစုကို စွန့်ခွာ
တစ်ရပ်တစ်ရွာ တစ်နယ်တစ်ကျေး
ဟိုအဝေး …. ပြေးထွက်ခဲ့ရပေမဲ့
ဇာတိကျေးလက်ရင်ခွင် ပြေးထွက်ချင်သူတစ်ဦး
မဟုတ်ရပါဘူး… မိုးရေ ။
အိမ်ရှေ့ပူရင် အိမ်နောက်မချမ်းသာသလို
အိမ်နောက်ဆူရင်လည်း
အိမ်ရှေ့ကလူတွေ အလှည့်ကျ ထွန်ရုန်းရတာမို့
သမိုင်းကပိုင်းဖြတ်တဲ့တာဝန် ကျေပြွန်ရတယ် မိုးရေ။
မိုးချက်နေကျ တာလပေါ့ဟင်း
ယာအူထီနဲ့ စတို့
ယာမို့ နဲ့ ယာလူ့ပိုင်း
နေ့တိုင်း သတိရတယ် မိုးရေ..။
မြစ်ကမ်းနံဘေး မိုးအေးအေးမှာ
ကျန်းမာရေးမှ ကောင်းလေစ မိုးရေ။
တွေ့ရာသချိုငင်္်း ဓါးမဆိုင်းတဲ့
ကိုဗစ်လှိုင်းမှ လွတ်ပါလေစ မိုးရေ။
စစ်စခန်းဟာ
မိုးအိမ်လိုတော့
ဂရုဏာပန်းတွေ ပွင့်ဝေမနေဘူး မိုးရေ။
ခက်ခဲကြမ်းတမ်း
စစ်ရေးလေ့ကျင့်ခန်းတွေနဲ့
အနေဆင်းရဲ အစားဆင်းရဲ
တောကြီးမျက်မည်းထဲမှာ မိုးရေ။
ညအမှောင်
လရောင်နဲ့မည်းမည်း
စစ်ဝတ်စုံကလည်းမည်းမည်း
တစ်ယောက်တည်းဆိုပေမဲ့
မိုးမွေးပေးတဲ့ ကရင်သွေး
မိုးပျိုးပေးခဲ့တဲ့ ဇွဲ သတ္တိ
မိုးသား ဖိုးခွားဆီမှာ ရှိနှင့်ပြီးသား မိုးရေ။
တော်လှန်ရေးမပြီးသရွေ့
စစ်စခန်းရဲ့ ညနေချမ်းတိုင်းဟာ
အမိုးကိုလွမ်းပြီး ငိုရတဲ့နေ့တွေပါ မိုးရေ…။
မင်းဆုလဒ်(မြစ်ကျွန်းပေါ်)
ခေတ္တ – ဒေါနမြေ
၂၅/၇/၂၀၂၁
ကရင်လူငယ် တော်လှန်ရေးသမားများအား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။