Home ဆောင်းပါး တက္ကသိုလ်သည် ‌တော်လှန်‌ရေးနယ်‌မြေ‌လော

တက္ကသိုလ်သည် ‌တော်လှန်‌ရေးနယ်‌မြေ‌လော

2197

တက္ကသိုလ်သည် ‌တော်လှန်‌ရေးနယ်‌မြေ‌လော

မန်း‌စော‌စော

(၁၃ ဩဂုတ် ၂၀၂၁)

ရန်ကုန်တက္ကသိုလ် သမိုင်း‌ကြောင်းကို ‌လေ့လာကြည့်လျှင် ‌တော်လှန်‌ရေးပုံစံဖြင့် စတင်ခဲ့သည်ကို ‌တွေ့ရ‌လေ သည်။ ရန်ကုန်တက္ကသိုလ် စတင်‌ပေါ်‌ပေါက်ရန်မှာ အဂင်္လိပ်‌ခေတ် ကိုလိုနီကျွန်ပညာ‌ရေးစနစ်ကို အမျိုးသားစိတ်ဓာတ် ဖြင့် မတရား‌သော‌ကျောင်း၏ ဥပ‌ဒေကို ဆန့်ကျင်‌တော်လှန်ရင်း ပထမ‌ကျောင်းသားသပိတ် ‌ပေါ်‌ပေါက်လာပြီး တက္ကသိုလ်ကြီးကိုပါ ‌မွေးဖွား‌ပေါ်‌ပေါက်‌စေခဲ့သည်။

ပထမ‌ကျောင်းသားသပိတ်
ရန်ကုန်တက္ကသိုလ် ဥပ‌ဒေကို ၁၉၂ဝပြည့်နှစ်၊ ဩဂုတ်လ ၂၈ရက်‌နေ့တွင် ပညာမင်းကြီး မတ်ဟန်းတားက တင် သွင်းပြီး ဥပ‌ဒေပြု‌ကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာလ ၂၆ ရက်‌နေ့တွင် ဒုတိယဘုရင်ခံက သ‌ဘောတူ၍ ‌အောက်တိုဘာ ၂၄ရက်‌နေ့တွင် ဘုရင်ခံချုပ်က သ‌ဘောတူလိုက်သည်။ ဒီဇင်ဘာလ ၁ရက်‌နေ့တွင် ဥပ‌ဒေသည် အာဏာ တည်‌လေသည်။

၁၂၈၂ခုနှစ်၊ တန်‌ဆောင်မုန်းလဆုတ် ၁ဝရက် (၁၉၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၅ရက်)‌နေ့ကား “ရန်ကုန်တက္ကသိုလ် ဥပ‌ဒေ”ကို စတင်သပိတ်‌မှောက်‌သော‌နေ့ပင် ဖြစ်သည်။ ထို့‌နောက် ‌ကောလိပ်‌ကျောင်းသည် တက္ကသိုလ်အဖြစ် ‌ပြောင်းလဲ ကာ ‌ပေါ်‌ပေါက်လာ‌လေသည်။ ရန်ကုန်တက္ကသိုလ်ကြီး ‌ပေါ်‌ပေါက်ရန်အတွက် ‌ကျောင်းသားများ၏ ဥပ‌ဒေ‌တော်လှန်‌ရေး သပိတ်တိုက်ပွဲနှင့် စတင်ခဲ့‌လေသည်။ ပထမ‌ကျောင်းသားသပိတ်အဖြစ် သမိုင်းဝင်‌မော်ကွန်းကို ‌ရေးထိုးခဲ့သည်။

ဒုတိယ‌ကျောင်းသားသပိတ်
၁၉၂ဝပြည့်နှစ်၊ ‌ကျောင်းသားသပိတ်ကြီး ‌ပေါ်‌ပေါက်ပြီး‌နောက် ၁၆နှစ်အကြာ ၁၉၃၆ခုနှစ်တွင် ဒုတိယတက္က သိုလ် ‌ကျောင်းသားသပိတ် ‌ပေါ်‌ပေါက်ခဲ့ပြန်သည်။ အ‌ကြောင်းမှာ တက္ကသိုလ်‌ကျောင်းသားသမဂ္ဂ ကိုနု (ဝန်ကြီးချုပ် ‌ဟောင်းဦးနု)က မျိုးချစ်စိတ်ရှိ‌သော တက္ကသိုလ်‌ကျောင်းသားများအား အစိုးရက နှိမ်နှင်းမည်ဟု ‌ဟော‌ပြောမိ‌သော ‌ကြောင့်လည်း‌ကောင်း၊ အိုး‌ဝေမဂ္ဂဇင်းတွင် ငရဲ‌ခွေးကြီးလွတ်‌နေပြီး (Hell Hound at Large) ‌ခေါင်းစဉ်ဖြင့် တက္ကသိုလ်အာဏာပိုင်များအား ထိခိုက်‌ရေးသားသည့် ‌ဆောင်းပါးရှင်၏အမည်ကို အိုး‌ဝေအယ်ဒီတာ ကို‌အောင်ဆန်း (ဗိုလ်ချုပ်‌အောင်ဆန်း)က ထုတ်‌ဖော်‌ပြောဆိုရန် ငြင်းဆို‌သော‌ကြောင့်လည်း‌ကောင်း၊ ကိုနုနှင့် ကို‌အောင်ဆန်းတို့ကို တက္ကသိုလ်မှ ထုတ်ပယ်ပစ်‌သောအခါ ဒုတိယ‌ကျောင်းသားသပိတ်တိုက်ပွဲသည် ‌ပေါ်‌ပေါက်လာပြီး အဂင်္လိပ်ကို ဆန့်ကျင် ‌တော်လှန်ရင်း သမိုင်းသစ်တစ်ခုကို ဖန်တီးကာ ‌ပေါ်‌ပေါက်လာပြန်သည်။

တတိယ‌ကျောင်းသားသပိတ်
ထို့‌နောက် ‌ချောက်မြို့ ဘီအိုစီအလုပ်သမားများနှင့် စာ‌ရေးများ ပူး‌ပေါင်း၍ နစ်နာချက် ၁၂ချက် ရ‌ရေးအတွက် သပိတ်‌မှောက် တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သပိတ်တွင် ‌ရေနံအလုပ်သမား ၉၅ရာခိုင်နှုန်း ပါဝင်ခဲ့‌လေသည်။ ၁၉၃၈ခုနှစ်၊ နိုဝင်ဘာလ ၃ဝရက်‌နေ့တွင် ‌ရေနံအလုပ်သမားများသည် ‌ချောက်မြို့မှ ရန်ကုန်မြို့သို့ ‌ခြေလျင်ခရီးဖြင့် ချီတက်လာခဲ့ကြ သည်။ သပိတ်တပ်ကြီးကို သခင်ဘိုးလှကြီးက ‌ခေါင်း‌ဆောင်ပြီး ကွပ်ကဲလာခဲ့သည်။ မ‌ကွေးသို့ ‌ရောက်‌သောအခါ အစိုးရ က သပိတ်တပ်ကြီးကို ရန်ကုန်သို့ မ‌ရောက်ရ‌လေ‌အောင် နည်းအမျိုးမျိုးဖြင့် ပိတ်ပင်တားဆီးသဖြင့် သပိတ်သမားများ မ‌ကွေးမြို့၌ ‌သောင်တင်‌နေကြသည်။

ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ် ‌ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်း‌ရေးမှူး ကိုဘ‌ဆွေတို့ သည် သပိတ်တပ်ကြီးကို သွား‌ရောက်‌တွေ့ဆုံ၍ ကိုဗဟိန်းက အခွင့်ကြုံတုန်း အလုပ်သမားများ၏ နစ်နာချက်များကို ‌ဟော‌ပြောရာ ကိုဘ‌ဆွေနှင့်အတူ အဖမ်းခံကြရသည်။ “မြင်းခွာတစ်ချက်‌ပေါက်လျှင် မီးဟုန်းဟုန်း‌တောက်‌စေမည်” ဟူ ‌သော ကိုဗဟိန်း၏ ကြုံးဝါးသံသည် နိုင်ငံနှင့်အဝန်း ဟိန်း‌နေခဲ့သည်။ ‌ကျောင်းသားများက အလုပ်သမားများနှင့်အတူ အဂင်္လိပ်ကို ဆန့်ကျင်‌တော်လှန်သဖြင့် တတိယ‌ကျောင်းသားသပိတ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ တက္ကသိုလ် ‌ကျောင်းသားများသည် အဂင်္လိပ်အစိုးရကို သုံးကြိမ်တိတိ ဆန့်ကျင်‌တော်လှန်ခဲ့ကြသည်ကို ‌တွေ့ရပါသည်။

ပထမ‌ကျောင်းသား‌တော်လှန်‌ရေး
၁၉၄၈ခု၊ ဇန်နဝါရီ ၄ရက်‌နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်‌ရေးရသည်။ တက္ကသိုလ်ပညာ‌ရေးဌာနများသည် ငြိမ်း ချမ်း‌အေး‌ဆေးစွာဖြင့် ဆက်လက် ပညာသင်ကြားနိုင်ခဲ့ကြသည်။ အာရှ‌ဒေသတွင် ရန်ကုန်တက္ကသိုလ်၏ ပညာ‌ရေးအဆင့် အတန်းသည်လည်း မြင့်မားခဲ့သည်။ အဆင့်အတန်းမြင့်မားသည့် တက္ကသိုလ်ဖြစ်သဖြင့် ပြည်ပနိုင်ငံရှိ ‌ကျောင်းသားများ သည် ရန်ကုန်တက္ကသိုလ်သို့ လာ‌ရောက်ပညာသင်ကြားမှုပင် ရှိခဲ့‌လေသည်။

သို့‌သော် ၁၉၆၂ခုနှစ်၊ မတ်လ ၂ရက်‌နေ့တွင် (ဖက်ဒရယ်ကို အ‌ကြောင်းပြု၍) တပ်မ‌တော်သည် နိုင်ငံ‌တော်အာ ဏာကို ထိန်းသိမ်းကာ ‌တော်လှန်‌ရေး‌ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ‌တော်လှန်‌ရေး‌ကောင်စီအဖွဲ့ကို တကက၊ ဗကသ၊ ရကသနှင့် ‌မော်လမြိုင်၊ မန္တ‌လေး၊ ပုသိမ်မြို့များရှိ ‌ကျောင်းသားသမဂ္ဂများက ကန့်ကွက်ခဲ့ကြသည်။

၁၉၆၂ ခုနှစ် ‌မေလ ၉ ရက်‌နေ့တွင် ‌တော်လှန်‌ရေး‌ကောင်စီက ဥပ‌ဒေအမှတ်(၃)နှင့်(၄)ကို ထုတ်ပြန်ခဲ့သည်။ ထို ဥပ‌ဒေမှာ ရန်ကုန်နှင့် မန္တ‌လေးတက္ကသိုလ် အက်ဥပ‌ဒေကို ဖျက်သိမ်းလိုက်သည့်ဥပ‌ဒေဖြစ်သည်။ ယင်းဥပ‌ဒေအရ ရန်ကုန် တက္ကသိုလ်တွင် ပြဌာန်းထား‌သော အက်ဥပ‌ဒေများကို ရုပ်သိမ်းလိုက်ပြီး ဥပ‌ဒေအသစ်များကို ထုတ်ပြန်၍ ရန်ကုန် တက္ကသိုလ်နှင့် မန္တ‌လေးတက္ကသိုလ်များကိုလည်း နိုင်ငံပိုင်အဖြစ် သိမ်းပိုက်လိုက်‌တော့သည်။

၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၇ရက်‌နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ်‌ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး ဆန္ဒပြပွဲကို ကျင်းပခဲ့ရာ ‌ကျောင်းသား ၂၀၀ဝခန့် တက်‌ရောက်ကြသည်။ ‌ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဗ‌ဆွေ‌လေးနှင့် အတွင်း‌ရေးမှူး ကိုသာဒိုးတို့က ဦး‌ဆောင်ခဲ့ကြသည်။ ဖိနှိပ်ချုပ်ချယ်သည့် ‌ကျောင်း‌ဆောင်စည်းကမ်းများ ရုပ်သိမ်း‌ရေး အပါအဝင် ‌တောင်းဆိုချက် ‌လေးချက်ကို ‌တောင်းဆိုကြသည်။

ည‌နေ ၃နာရီ မိနစ် ၄ဝခန့်တွင် ရန်ကုန်ရဲတပ်ဖွဲ့မှ ရဲတပ်သား ၁၀ဝခန့် ‌ရောက်လာပြီး သမဂ္ဂ အ‌ဆောက်အအုံကို ဝိုင်းကာ ‌ကျောင်းသား‌ခေါင်း‌ဆောင်အချို့ကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်။
ည‌နေ ၆နာရီအချိန်တွင် ပစ်ခတ်မိန့်ရ‌သော တပ်မ‌တော်ကလည်း ‌ကျောင်းသားများကို ပစ်ခတ်ပြီး လူစုခွဲမှုကို စတင်ပြုလုပ်ခဲ့သည်။ ပစ်ခတ်လိမ့်မည် မထင်သဖြင့် သမဂ္ဂဝင်းအတွင်း ‌အေးချမ်းစွာ ထိုင်‌နေကြ‌သော ‌ကျောင်းသားများ သည် ‌သေနတ်သံများကြားလိုက်ရသဖြင့် မှင်တက်သွားကြရာမှ နီးစပ်ရာ မန္တ‌လေးအ‌ဆောင်ဘက်သို့ ထွက်‌ပြေးကြ‌သော် လည်း လိုက်လံပစ်ခတ်ခဲ့သဖြင့် ‌ကျောင်းသားများ လဲကျ‌သေဆုံးခဲ့ရသည်။ ‌ကျောင်းသားအများအပြား ‌သေဆုံးခဲ့‌သော် လည်း အစိုးရက ‌ကျောင်းသား ၁၇ဦး၊ ဝန်ထမ်း ၁ဦး၊ အလုပ်သမား ၂ဦးနှင့် အမည်မသိ အရပ်သားတစ်ဦးသာ ‌သေဆုံး ‌ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာ့အသံဝင်းထဲရှိ ကွပ်ကဲမှုအဖွဲ့က ‌ကျောင်းသား‌ခေါင်း‌ဆောင်များကို ဖမ်းဆီးရန် နည်းလမ်းများ ‌ဆွေး‌နွေး ကြရာမှ ‌နောက်ဆုံးသမဂ္ဂအ‌ဆောက်အအုံသည် ဆူပူမှုကိုဖြစ်‌စေ‌သော ဌာနချုပ်ဖြစ်‌နေသဖြင့် ထိုအ‌ဆောက်အအုံကို ဖြို ဖျက်လိုက်ရန် အဆိုပြုချက်တစ်ရပ် ‌ပေါ်ထွက်လာခဲ့သည်။ ထို့‌ကြောင့် သမဂ္ဂ အ‌ဆောက်အအုံကို ဖြိုဖျက်ရန် စစ်‌မြေပြင် အင်ဂျင်နီယာ(BE)အား တာဝန်‌ပေးလိုက်ကြသည်။ ဤသို့ဖြင့် ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ရက်‌နေ့ နံနက်တွင် သမဂ္ဂအ ‌ဆောက်အအုံကို ဒိုင်းနမိုက်များဖြင့် ‌ဖောက်ခွဲဖျက်ဆီးပစ်လိုက်‌လေ‌တော့သည်။

၁၉၆၃ခုနှစ်၊ ဇူလိုင်လတွင် ‌ကျောင်းများကို ပြန်ဖွင့်သည့်အခါ ယခင်သမဂ္ဂ အ‌ဆောက်အအုံ ‌နေရာ‌ဟောင်းတွင် ယာယီဝါးတဲဖြင့် သမဂ္ဂကို ပြန်လည်တည်‌ထောင်ခဲ့ကြသည်။ ၇.၇.၇၂ ‌နေ့တွင် ကျဆုံးခဲ့‌သော ‌ကျောင်းသားရာ‌ကျော်အ တွက် ရည်စူးပြီး “ရာ‌ကျော်‌ကျောက်တိုင်”ကို ‌ကျောင်းသားများသည် ဗိုလ်‌အောင်‌ကျော် (အဂင်္လိပ်‌ခေတ် ဒုတိယ‌ကျောင်း သားသပိတ်တွင် ကျဆုံးခဲ့‌သော ‌ကျောင်းသား) ‌ကျောက်တိုင်‌ဘေးတွင် ပြန်လည်တည်‌ဆောက်ခဲ့ကြသည်။ ၇.၇.၆၂ ‌နေ့ ကို အမှတ်ရ‌စေရန်အတွက် “အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ” ရှိ‌သော ‌ကျောက်တိုင်တစ်တိုင်ကို စိုက်ထူခဲ့ကြသည်။ ရာ‌ကျော်‌ကျောက်တိုင်ဖွင့်ပွဲတွင် ဆရာကြီးသခင်ကိုယ်‌တော်မှိုင်းက “အ‌ဆောက်အအုံကိုသာ ဖြိုလို့ရမယ်၊ အ‌မောင်တို့… ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို‌တော့ ဘယ်သူမှ ဖြိုလို့မရပါဘူး”ဟု မိန့်ကြားခဲ့သည်။

ဤသည်မှာလည်း အာဏာသိမ်းမှုကို မ‌ကျေနပ်‌သော ‌ကျောင်းသားများသည် ပထမဦးဆုံး အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လုံးဝ လိုလားမှုမရှိဘဲ စတင် ‌တော်လှန်ခဲ့ကြသည်။ ဖိနှိပ်ထား‌သော မိမိတို့၏ အခွင့်အ‌ရေးများကို ‌တောင်းဆို ရင်း ‌တော်လှန်‌ရေးကို ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ‌နောက်ပိုင်းမှစ၍ တက္ကသိုလ်ပညာ‌ရေးသည် နိမ့်ကျ လာခဲ့သည်မှာ ယ‌နေ့ထိပင်ဖြစ်သည်။

ဒုတိယ‌ကျောင်းသား‌တော်လှန်‌ရေး
“ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အတွင်း လာ‌ရောက်ဂါရဝပြုသူများ စည်ကားလှ‌ပေသည်။ ဒီဇင်ဘာလ ၈ရက် ‌နေ့လည် တစ်နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ‌ရှေ့မှ ဦးသန့်ရုပ်ကလာပ်ကို ‌ကျောင်းသားများသည် ပခုံး‌ပြောင်းသယ် ‌ဆောင်ပြီး တည်‌ဆောက်ထားသည့် အုတ်ဂူအတွင်း ထည့်သွင်းကာ သၤဂြိုလ်လိုက်ကြသည်။”

ကမာ္ဘ့ကုလသမဂ္ဂအတွင်း‌ရေးမှူးချုပ်‌ဟောင်း ဦးသန့်သည် ၁၉၇၄ခုနှစ်၊ နိုဝင်ဘာလ ၂၅ရက်‌နေ့တွင် အ‌မေရိကန် ပြည်‌ထောင်စု၊ နယူး‌ယော့ခ်မြို့တွင် ကွယ်လွန်သွားခဲ့သည်။ တစ်ကမာ္ဘလုံးက ‌လေးစားကြည်ညိုပြီး မြန်မာ့ဂုဏ်ကို ‌ဆောင်လျက်ရှိ‌သောဦးသန့်လို ကမာ္ဘ‌ကျော်ပုဂ္ဂိုလ်ကို နိုင်ငံ‌တော်အကြီးအကဲအဖြစ် တာဝန်ထမ်း‌ဆောင်‌နေသည့် ဦး‌နေ ဝင်းက သာမန်လူများကဲ့သို့ သ‌ဘောထားခဲ့သည်။ ထို့‌ကြောင့် သူ၏ဇနီး ကွယ်လွန်သူ ‌ဒေါ်ခင်‌မေသန်း အုတ်ဂူ၏ ‌ခြေရင်း တွင် အုတ်ဂူ‌သေး‌သေးတစ်ခုဖြင့် ကြံ‌တောသုသာန်၌ ထားမည်ဆိုခြင်းမှာ ‌စော်ကားခြင်းဖြစ်သည်ဟု ‌ကျောင်းသားများ အပါအဝင် ရဟန်းရှင်လူ ပြည်သူအများက ယူဆကြသည်။

ဦးသန့်ရုပ်ကလာပ်ကို ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာ ၁ရက်‌နေ့တွင် မြန်မာနိုင်ငံသို့ ပြန်သယ်‌ဆောင် ‌ရောက်ရှိလာသည်။ ဒီဇင်ဘာ ၅ရက်‌နေ့တွင် ကြံ‌တောသုဿာန်သို့ ပို့‌ဆောင်သၤဂြိုလ်မည်ဖြစ်‌ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်သည်။ ကျိုက္ကဆံကွင်းတွင်ထားရှိပြီး ပြည်သူများကလာပြီး ဂါရဝပြုမည်ဟု မ‌လေးစားတတ်‌သော ဆိုရှယ်လစ်အစိုးရ သည် နှစ်‌ပေါင်းများစွာ အညွှန့်ချိုးခံထားရ‌သော ‌ကျောင်းသားစိတ်ဓာတ်ကို ပြန်ပြီးနိုးဆွလိုက်သလို ဖြစ်သွားသည်။

ဒီဇင်ဘာလ ၅ရက်‌နေ့တွင် ‌ကျောင်းသားထုကြီးသည် ကျိုက္ကဆံကွင်းတွင် လာ‌ရောက်စု‌ဝေးကြပြီး “ငြိမ်းချမ်း‌ရေး ဖခင်ကြီး ဦးသန့်အတွက် ဂူဗိမာန်ရရှိ‌ရေး”ကို ‌တောင်းဆိုကြ‌တော့သည်။ ဦးသန့် ရုပ်ကလာပ်ကိုလည်း တိုယိုတာပစ်ကပ် ကားနှင့် သယ်‌ဆောင်လာရင်း ထိုက်သင့်သည့်‌နေရာတွင် ပို့‌ဆောင်သၤဂြိုလ်မည့်အ‌ကြောင်း ဓာတ်စက်ဖြင့် ‌ကြေညာပြီး ကာယကံရှင် မိသားစုထံ အခွင့်‌တောင်းကြသည်။

ဦးသန့်ညီက ‌ကျောင်းသားများကို စိတ်လိုက်မာန်ပါ မလုပ်ကြရန် ‌ပြောဆို‌သော်လည်း ‌ကျောင်းသားများသည် ဦးသန့်ကို မိမိတို့တက္ကသိုလ်တွင် ခမ်းနားစွာ သၤဂြိုလ်‌ပေးမည်ဟုဆိုကာ သံဃာ‌တော်များ ခြံရံလျက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်သို့ သယ်‌ဆောင်လာခဲ့သည်။ ဦးသန့်ဈာပနကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယာယီစင်မြင့်ပြု လုပ်ပြီး ထားရှိသည်။ ဈာပန‌ကော်မတီကိုလည်း ဖွဲ့စည်းကြသည်။ ဒီဇင်ဘာ ၆ရက်‌နေ့တွင် ပြည်သူများလာ‌ရောက် ဂါရဝ ပြုကြသဖြင့် ‌ကျောင်းဝင်းကြီးထဲတွင် စည်ကားလို့‌နေသည်။

‌ကျောင်းသားများသည် ဦးသန့်ဈာပနကို နိုင်ငံ‌တော်ဈာပနအဖြစ် ကျင်းပ‌ပေးရန် နိုင်ငံ‌တော်‌ကောင်စီထံသို့ စာပို့ လိုက်သည်။ ဒီဇင်ဘာ ၆ရက်‌နေ့၊ ည‌နေ ၄နာရီတွင် နိုင်ငံ‌တော်‌ကောင်စီထံမှ အ‌ကြောင်းပြန်ကြားခြင်းမရှိလျှင် မိမိတို့ အစီအစဉ်ဖြင့် ကျင်းပမည်ဟု အ‌ကြောင်းကြားခဲ့သည်။ သို့‌သော် နိုင်ငံ‌တော်‌ကောင်စီက မည်သို့မျှ အ‌ကြောင်းပြန်ကြား ခြင်း မရှိ‌ချေ။

ဒီဇင်ဘာ ၇ရက်‌နေ့တွင် ရန်ကုန်တိုင်း ပြည်သူ့‌ကောင်စီက ဦးသန့်အုတ်ဂူနှင့် ဂူဗိမာန်တည်‌ဆောက်လိုလျှင် ကန်‌တော်မင်ပန်းခြံအတွင်း ‌နေရာ‌ပေးမည်ဖြစ်‌ကြောင်း ‌ဆွေမျိုးများထံ အ‌ကြောင်းကြားလိုက်သည်။ သို့‌သော် ‌ကျောင်း သားများက ဖြိုဖျက်ခံထားရ‌သော ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အအုံ‌နေရာတွင် ဂူဗိမာန်တည်‌ဆောက်သၤဂြိုလ်ရန် ဆုံး ဖြတ်လိုက်ကြသည်။

ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အတွင်း လာ‌ရောက်ဂါရဝပြုသူများ စည်းကားလှ‌ပေသည်။ ဒီဇင်ဘာလ ၈ရက် ‌နေ့လည် တစ်နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမ‌ရှေ့မှ ဦးသန့်ရုပ်ကလာပ်ကို ‌ကျောင်းသားများသည် ပခုံး‌ပြောင်းသယ် ‌ဆောင်ပြီး တည်‌ဆောက်ထားသည့် အုတ်ဂူအတွင်း ထည့်သွင်းကာ သၤဂြိုလ်လိုက်ကြသည်။
ထို့‌နောက် ဒီဇင်ဘာလ ၁ဝရက်‌နေ့ညတွင် တက္ကသိုလ်ဝင်းကို သိမ်းပိုက်ထား‌သော စစ်တပ်သည် တစ်ညလုံး ‌ကျောင်း‌ဆောင်များကို ‌သေနတ်‌တွေနှင့်ပစ်ပြီး ‌ကျောင်းသားများကို ရှင်းလင်းခဲ့သည်။ ဆလိုင်းတင်‌မောင်ဦး အပါအဝင် ‌ကျောင်းသားများစွာ ကျရှုံးခဲ့ရသည်။ ‌နောင်‌ကျောင်းပြန်တက်သည်အထိ အ‌ဆောင်များတွင် ကျည်ဆံဒဏ်‌ကြောင့် ပွန်းပဲ့ မှုများကိုပင် ပြန်ပြီး မဖုံးနိုင်‌သေး‌ပေ။

ဒီဇင်ဘာ ၁၁ရက်‌နေ့သို့ မကူးခင် မနက် ၂နာရီခန့်‌လောက်ကတည်းက စစ်တပ်သည် ပိတ်ထားသည့် အဓိပတိ လမ်း၊ ပင်မဂိတ်‌ပေါက်တံခါးကြီးကို ဖျက်ဆီးကာ ဝင်‌ရောက်လာပြီး အိပ်‌မောကျ‌နေသည့် ‌ကျောင်းသားများကို ပစ်ခတ် ဖမ်းဆီးခြင်းများ ပြုလုပ်‌တော့သည်။ ဆန္ဒပြ‌ကျောင်းသားများကို လူစုခွဲပြီး ဦးသန့်အုတ်ဂူကိုလည်း အတင်းအဓမ္မ ဖြိုဖျက် ကာ ရုပ်ကလာပ်အ‌ခေါင်းကို ယူ‌ဆောင်သွားပြီး ‌ရွှေတိဂုံဘုရားအနီး၊ ကန်‌တော်မင်ပန်းခြံ‌ဘေးရှိ သခင်ကိုယ်‌တော်မှိုင်း၏ အုတ်ဂူအနီးတွင် ညတွင်းချင်း ဂူသွင်းသၤဂြိုလ်လိုက်သည်။

‌ကျောင်းသားများကို ဖမ်းဆီးသတ်ဖြတ်ချိန်တွင် ‌ကျောင်းသားမိဘများက သားသမီးများကို လာ‌ရောက်‌ခေါ်ယူ ရာတွင် ‌ကျောင်းဝင်းထဲဝင်လို့မရဘဲ ပိတ်ထားလိုက်ပြီး မြို့ထဲတွင် သတင်းရရှိကြသဖြင့် လာ‌ရောက်ကြသူများမှာလည်း မနည်းလှ‌ပေ။ အပြင်က‌နေ ‌စောင့်ကြည့်ရင်း လူအုပ်ကြီးသည် တစ်စတစ်စ များလာ‌လေသည်။ ည ၂နာရီကတည်းက အတင်းဖမ်းဆီးပြီး ကားများဖြင့် အင်းစိန်‌ထောင်သို့ ပို့‌ဆောင်ခဲ့သည်။ ‌နောက်‌နေ့နံနက် ၅နာရီအချိန်အထိ ဖမ်းဆီးပို့ ‌ဆောင်မှုများ အပြီးမသတ်နိုင်‌သေးဟု မျက်မြင်များက ‌ပြောကြသည်။ အချုပ်ကား ဝင်ထွက်သွားလာရာတွင် ‌သွေးစီး ‌ကြောင်းများ စီးကျကျန်ခဲ့သည်။ လူထုများလည်း မခံမရပ်နိုင် ဖြစ်လာသဖြင့် ‌အော်ဟစ်ကြရာ စစ်တပ်‌ရောက်လာပြီး ပစ် ခတ်လူစုခွဲ‌တော့သည်။ ဤသို့ဖြင့် ‌သေနတ်မရှိ‌သော ‌ကျောင်းသားများကို ရက်စက်စွာဖြင့် နှိမ်နှင်းခဲ့‌လေသည်။ ‌ကျောင်း သားများ၏ ‌တော်လှန်‌ရေးသည် ‌ဖျောက်ဖျက်လို့မရဘဲ ‌ခေတ်အဆက်ဆက် ‌မော်ကွန်းမှတ်တမ်းဝင်ခဲ့သည်။

တတိယ‌ကျောင်းသား‌တော်လှန်‌ရေး
၁၉၄၇ခုနှစ်တွင် အလုပ်သမားအ‌ရေးအခင်း ‌ပေါ်‌ပေါက်ခဲ့သည်။ အလုပ်သမားနှင့် ပြည်သူ (၁၀၀)‌လောက် ‌သေ ‌ကြေခဲ့ရသည်။ ၁၉၇၅ ခုနှစ် ဇွန်လတွင်လည်း အလုပ်သမားအ‌ရေးအခင်း နှစ်ပတ်လည်ဆန္ဒပြပွဲကြီးသည်လည်း ‌တော် လှန်‌ရေးပင်ဖြစ်သည်။ ‌တော်လှန်‌ရေး‌ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်‌တော်လှန်ခြင်းဖြင့် ‌ကျောင်းသားများသည် သမိုင်း‌မော်ကွန်းကို ‌ရေးထိုးခဲ့ပြန်သည်။ ‌ကျောင်းသားများက အစည်းအ‌ဝေးကို ကျင်းပပြီး ‌တော်လှန်‌ရေးအစိုးရကို အန်တုခဲ့ကြသည်။ အမှန်တရားကိုလိုလား၍ မဟုတ်မခံတတ်‌သော အနာဂတ်တိုင်းပြည်၏ သား‌ကောင်းရတနာ‌ကျောင်း သားများသည် ပြည်သူတို့၏ အခွင့်အ‌ရေးအတွက် အသက်ကို ပဓာနမထားဘဲ မိမိတို့၏ ‌တော်လှန်‌ရေးကို အခါအခွင့်ရ လျှင်ရသလို လှုပ်ရှား‌တော်လှန်ခဲ့ကြသည်ကို ‌တွေ့ရ‌လေသည်။

အမှန်ဆိုရ‌သော် စစ်အာဏာရှင်ရှိ‌နေသမျှ ‌ကျောင်းသားများ၏ ‌တော်လှန်‌ရေးသည် ရှိ‌နေအုံးမည် ဖြစ်သည်။ ‌တော်လှန်‌ရေးသည် လက်နက်ကိုင်‌တော်လှန်မှ ‌တော်လှန်‌ရေးမဟုတ်‌ပေ။ မတရားသည်ကို ဆန္ဒထုတ်‌ဖော်ပြီး ‌တော် လှန်ခြင်းသည်လည်း ‌တော်လှန်‌ရေးပင်ဖြစ်သလို က‌လောင်ကိုင်ပြီး မတရားမှုများကို ပြည်သူပြည်သားများ သိရှိ‌အောင် ‌ဖော်ထုတ်‌ရေးပြခြင်းသည်လည်း ‌တော်လှန်‌ရေးပင် ဖြစ်သည်။
“မတရားသည်ကို ဆန္ဒထုတ်‌ဖော်ပြီး ‌တော်လှန်ခြင်းသည်လည်း ‌တော်လှန်‌ရေးပင်ဖြစ်သလို
က‌လောင်ကိုင်ပြီး မတရားမှုများကို ပြည်သူပြည်သားများသိရှိ‌အောင် ‌ဖော်ထုတ်‌ရေးပြခြင်းသည်လည်း ‌တော်လှန်‌ရေးပင် ဖြစ်သည်။”

စတုတ္ထ‌ကျောင်းသား‌တော်လှန်‌ရေး
ကျွန်‌တော်တို့ ၁၉၇၆ခုနှစ်၊ မတ်လ ၂၃ရက်‌နေ့က ဆရာကြီးသခင်ကိုယ်‌တော်မှိုင်း ရာပြည့်ပွဲလုပ်မည့် အစီအစဉ် အားလုံးမှာ ‌ကျောင်းသားများ၏ ချီတက်ဆန္ဒပြပွဲကြီး‌ကြောင့် ဖျက်သိမ်းလိုက်ပါသည်။ နဂိုက ကျွန်‌တော်တို့က ဆရာကြီး ၏ဂူဗိမာန်တွင် ဆွမ်း‌ကျွေး၊ စာ‌ပေ‌ဟော‌ပြောပွဲ၊ စာတမ်းဖတ်ပွဲများလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပါသည်။ သို့‌သော် တက္ကသိုလ်‌ကျောင်းသားများက “မှိုင်းရာပြည့်ပွဲ”ကို သူတို့အစီအစဉ်နှင့်သူတို့ပြုလုပ်၍ ဂူဗိမာန်သို့ ချီတက်လာကာ အ‌လေးပြုကြပါသည်။ ထို့‌ကြောင့်ပင် ကျွန်‌တော်တို့စီစဉ်ထားသည့် အခမ်းအနားများကို ဖျက်သိမ်းလိုက်ပါသည်ဟု ဗိုလ် မှူးချုပ်‌ဟောင်း‌ကျော်‌ဇောက သူ၏စာအုပ်၌ အစချီကာ ‌ရေးပြထားသည်။

မတ်လ ၂၃ရက်‌နေ့မတိုင်မီမှာကို နည်းအမျိုးမျိုးနှင့် ခြိမ်း‌ခြောက်ခဲ့သည်။ ဒီခြားထဲကမှ သတ္တိခဲ‌ကျောင်းသားများ က အုံနှင့်အင်နှင့် ထွက်လာပြီး ဆရာကြီးအား ဂုဏ်ပြုကြခြင်း ဖြစ်ပါသည်။ မှိုင်းက‌လေးများ ‌ပေါ်ထွက်လာခြင်းဖြစ်ရာ ကျွန်‌တော်တို့လိုပင် လူအ‌တော်များများ ဝမ်းသာကြိုဆိုအားရခြင်း ဖြစ်မိကြပါသည်။

၁၉၇၆ခု၊ မတ်လ ဆရာကြီးသခင်ကိုယ်‌တော်မှိုင်း ရာပြည့်ပွဲမှာ ‌ထောင်‌ပေါင်းများစွာ‌သော ‌ကျောင်းသားများက ‌နေဝင်းကို အန်တုပြီး ချီတက်အ‌လေးပြုသည်။ ‌နောက်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို သိမ်းပိုက်ပြီး သပိတ်‌မှောက် လိုက်ကြသည်။ ‌နေဝင်းတို့က များပြားလှသည့် ‌ကျောင်းသားအုံကြွမှုကို ‌ကြောက်လန့်ပြီး ကမန်းကတန်း တစ်ပြည်လုံးရှိ တက္ကသိုလ်နှင့် ‌ကောလိပ်‌ကျောင်းများကို အကန့်အသတ်မရှိ ပိတ်လိုက်သည်။ ‌ကျောင်းသား‌တွေကို လိုက်ဖမ်း၍ တရားစွဲ ပြီး ‌ထောင်ချလိုက်သည်။

ဆရာကြီးသည် တိုင်းပြည်ကို မျိုးချစ်စိတ်ဓာတ် ဖြစ်‌ပေါ်‌စေရန် က‌လောင်လက်နက်ဖြင့် အဆက်မပြတ် တိုက်ပွဲ ဝင်ခဲ့သည်။ လွတ်လပ်‌ရေးကြိုးပမ်းမှုတွင် လမ်းပြ‌ပေး‌သော အမျိုးသား‌ရေးပုဂ္ဂိုလ်ဖြစ်သလို ငြိမ်းချမ်း‌ရေးကိုလည်း ကြိုး ပမ်း‌ဆောင်ရွက်ခဲ့သူဖြစ်၍ ငြိမ်းချမ်း‌ရေး၏သ‌ကေင်္တလည်း ဖြစ်သည်။ သို့အတွက်‌ကြောင့် ဆရာကြီးကို ‌ကျောင်းသား အပါအဝင် ပြည်သူများက အ‌လေးဂရုပြုခဲ့ကြသည်။ ဤသို့ ‌ကျောင်းသားများက ဆရာကြီးအား ဂါရဝပြုခြင်းသည် မည် သည့်ပြဿနာမှ ဖြစ်လာစရာအ‌ကြောင်းမရှိ‌ချေ။ ယခုလို‌ကျောင်းသားများ၏ ဂါရဝပြုချီတက်မှုကို ဖြိုခွင်းခြင်းသည် အ‌လေးဂရုပြုရမည့် အကြီးအကဲကို တန်ဖိုးမထားခြင်းဖြစ်၍ သမိုင်းတွင် လွန်စွာ အရုပ်ဆိုး ရိုင်းစိုင်းလှ‌ပေသည်။

(ဆိုင်စုမှသည် မန်ဟိုင်းဆီသို့။ ကိုယ်တိုင်‌ရေး-ဗိုလ်မှူးချုပ်‌ဟောင်း‌ကျော်‌ဇော)
‌ကျောင်းသားများသည် တန်ဖိုးထား အ‌လေးဂရုပြုရမည့် ပုဂ္ဂိုလ်ကို ဂါရဝပြုအ‌လေးထားရမှန်းသိ‌အောင် ဆိုရှယ် လစ်‌ကောင်စီများကို ပညာ‌ပေးလိုက်ခြင်းဖြင့် ‌တော်လှန်‌ရေးသမိုင်းသစ်ကိုလည်း ‌ရေးထိုးဖွင့်လှစ်‌ပေးလိုက်‌လေသည်။ အစဉ်အလာကြီးမား‌သော ‌ကျောင်းသားများ၏ လှုပ်ရှားမှုသမိုင်းသည် အမှန်တရားကို မြတ်နိုး‌သော မျိုးဆက်သစ်များအ တွက် မီးရှူးတန်‌ဆောင် အလင်း‌ရောင်ပင် ဖြစ်ခဲ့‌လေသည်။

ပဉ္စမ‌ကျောင်းသား‌တော်လှန်‌ရေး
၁၉၈၈ခုနှစ်၊ (၈.၈.၈၈)ရှစ်‌လေးလုံးကို ကမာ္ဘ‌ကျော်ခဲ့‌သော ရဟန်းရှင်လူ‌ကျောင်းသားပြည်သူတို့၏ တစ်နိုင်ငံလုံး လှုပ်ရှား‌တော်လှန်မှုသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ကို ‌ခြောက်ခြား‌သွေးပျက်‌စေခဲ့သည်။ ရှစ်‌လေးလုံး ဆန္ဒအ‌ရေးအခင်းကြီးသည် တစ်ကမာ္ဘလုံးကို တုန်လှုပ်အံ့ဩ‌စေခဲ့သည်။ ယင်းရှစ်‌လေးလုံး အ‌ရေးအခင်းကြီးကို ‌ကျောင်း သားများကပင် စတင် ဦး‌ဆောင်ခဲ့‌လေသည်။

ယင်းအ‌ရေးအခင်း ‌ပေါ်‌ပေါက်ရန်မှာ (၁၂.၃.၁၉၈၈)‌နေ့၊ စ‌နေ‌နေ့ည ၉နာရီ ၁၅မိနစ်အချိန်တွင် အ‌နောက်ကြို့ ကုန်းရပ်ကွက်၊ ပြည်သူ့‌ကောင်စီရုံးအ‌ရှေ့ရှိ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်တွင် ရန်ကုန်စက်မှုတက္ကသိုလ်‌ကျောင်းသား ‌ကျော်ဆန်းဝင်းနှင့် ဝင်းမြင့်တို့မှ ကက်ဆက်‌ခွေ (စီဒီပြား‌ခေတ်မ‌ပေါ်‌သေး၊ ‌လေး‌ဒေါင့်ကြိုးပြားတိတ်‌ခွေ‌ခေတ်) ဖွင့်ခိုင်းရာ မှစ၍ ရပ်ကွက်လူငယ် ‌ဇော်‌ဇော် (ခ) ညီညီလွင်နှင့် ငါးဦးတို့ ရန်ဖြစ်ကြသည်။ ‌ကျောင်းသားနှစ်ဦး ဒဏ်ရာရပြီး ပြည်သူ့ ‌ကောင်စီရုံးကို တိုင်တန်း‌သော်လည်း ‌ပြေလည်‌အောင် မ‌ဖြေရှင်း‌ပေးနိုင်သဖြင့် ရန်မီးပွားသည်အထိ တဖြည်းဖြည်း အရှိန် မြင့်တက်လာ‌တော့သည်။

‌ကျောင်းသားနှင့် အရပ်သားပါ ‌ကြေ‌အေးမှုမရနိုင်ဘဲ ခဲများဖြင့် အပြန်အလှန် ပစ်‌ပေါက်ကြသည်။ (၁၄.၃.၈၈) ရက်‌နေ့တွင် သက်ဆိုင်ရာတာဝန်ရှိ လက်နက်ကိုင်အဖွဲ့က တည်ငြိမ်မှုရှိ‌စေရန် ဝင်‌ရောက်ထိန်းသိမ်းလိုက်သဖြင့် လူစုကွဲ သွားသည်။ သို့‌သော် အရပ်သားတစ်ဦးနှင့် ‌ကျောင်းသား ၁ဝဦး ဒဏ်ရာရရှိသွားကြသည်။ ထိုအထဲတွင် ‌ကျောင်းသား ကိုဖုန်း‌မော်သည် ဒဏ်ရာပြင်းထန်သဖြင့် ကျဆုံးသွား‌လေသည်။ ‌ကျောင်းသား ကိုဖုန်း‌မော်ကျဆုံးခြင်းသည် ‌ကျောင်း သားများအဖို့ ပို၍ပင် မ‌ကျေမနပ် ခံပြင်းမှုများ ဖြစ်လာခဲ့သည်။

ထို့‌ကြောင့် နိုင်ငံ‌တော်‌ကောင်စီက (၁၇.၃.၈၈)‌နေ့တွင် အမိန့်‌ကြေညာချက် ၄၅/၈၈ ဖြင့် ပြည်သူ့တရားသူကြီး အဖွဲ့ဝင် ဦးဘ‌မော်ကို ဥက္ကဌခန့်အပ်ပြီး ကိုဖုန်း‌မော်‌သေဆုံးရခြင်း အ‌ကြောင်းကို စုံစမ်း‌ရေး‌ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံ စမ်း‌စေခဲ့သည်။ (၁၃.၅.၈၈)‌နေ့တွင် စုံစမ်း‌ရေး‌ကော်မရှင်က ‌တွေ့ရှိချက်များကို အစီရင်ခံ‌ရေးသားပြီး နိုင်ငံ‌တော်‌ကောင်စီ ထံသို့ တင်ပြခဲ့သည်။ ထိုအခါ နိုင်ငံ‌တော်‌ကောင်စီက အ‌ရေးအခင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ‌ကြေ ညာလိုက်သည်။

သို့‌သော် ‌ကျောင်းသားများသည် ‌ကျေနပ်မှုမရှိ ‌ပေါက်ကွဲလာကြသည့်အပြင် ရပ်ကွက်‌နေပြည်သူနှင့် သံဃာ ‌တော်များပါ ကူးစက်လာ‌တော့သည်။ ယင်းသို့ကူးစက်ရသည်မှာ အ‌ခြေခံအ‌ကြောင်းများစွာက ပံ့ပိုး‌ပေးခဲ့‌လေသည်။ လက်ဖက်ရည်ဆိုင်၌ ရန်မဖြစ်ခင်က ဆိုရှယ်လစ်‌ကောင်စီအစိုးရသည် အုပ်ချုပ်မှု ညံ့ဖျင်းလာခဲ့သည်။ ကုန်‌ဈေးနှုန်းကြီး မြင့်လာမှု၊ လာဘ်‌ပေးလာဘ်ယူမှု၊ ‌ငွေစက္ကူများ ရပ်စဲလိုက်မှု စသည့် ပြည်သူလူထု၏အဖက်ဖက်က စီးပွား‌ရေး၊ ပညာ‌ရေး များ ကျဆင်းလာခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှူးချုပ်‌ဟောင်း‌အောင်ကြီးသည် ဗိုလ်ချုပ်‌နေဝင်းထံသို့ ၄၁မျက်နှာပါ တိုင်း ပြည်စီးပွား‌ရေးကျဆင်းလာမှု၊ ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အအုံကို ‌ဖောက်ခွဲသည်မှာ သူလိုလို၊ ဗိုလ်ချုပ်‌နေဝင်းလိုလို ‌ရေးသား‌ပေးပို့(လုပ်‌ဆောင်သလို)လိုက်‌သော စာလည်း ပါဝင်‌လေသည်။ ယင်းအ‌ကြောင်းများ စု‌ပေါင်းပံ့ပိုး‌ပေးလိုက် ‌သောအခါ ‌ကျောင်းသားများ၏ ဦး‌ဆောင်မှုဖြင့် ‌တော်လှန်‌ရေးလှုပ်ရှားမှု ဗုံးကြီးသည် စနက်တံပြုတ်ပြီး ပြင်းအားထန် ‌သော ‌ပေါက်ကွဲမှုအ‌ရေးအခင်းကြီး ‌ပေါ်‌ပေါက်လာခဲ့ရ‌လေသည်။

နယ်ဘက်တွင်ရှိ‌နေ‌သော မြို့နယ်များသည်လည်း တဖြည်းဖြည်း ဆန္ဒပြလာကြသည်ကို ‌တွေ့ရ‌လေသည်။ တက္ကသိုလ်နှင့် ‌ကောလိပ်များ ပိတ်ထားရာမှ ၄လနှင့် ၅လပိုင်းအတွင်း အ‌ခြေအ‌နေမှာ တည်ငြိမ်လာသည်ဟု ထင်ရသ ဖြင့် (၃၀.၅.၈၈)‌နေ့တွင် ပြန်လည်ဖွင့်လှစ်‌ပေးလိုက်သည်။ သို့‌သော် ‌ကျောင်းသားများသည် မိမိတို့၏ ဆုံးရှုံးထား‌သော အခွင့်အ‌ရေးကို (၁၄.၆.၈၈)‌နေ့တွင် ပြန်လည်‌တောင်းဆို ဆန္ဒပြလာကြသည်။ ထိုအခါ (မဆလ) အစိုးရသည် လုံးဝ ဂရု စိုက်မှုမရှိဘဲ (၂၁.၆.၈၈)‌နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် စီးပွား‌ရေးတက္ကသိုလ် သင်တန်းများကို အားလုံးပြန်လည်ပိတ် လိုက်သည်။ ‌ကျောင်းပိတ်လိုက်သည်နှင့် ‌ကျောင်းသားများသည် ပိုမို၍ ဆန္ဒပြလှုပ်ရှားမှုကို နယ်အနှံ့ချိတ်ဆက်၍ လှုပ် ရှားနိုင်ခဲ့‌လေသည်။

တချို့မြို့နယ်များတွင် ဆန္ဒပြ‌တောင်းဆိုမှု အ‌ခြေအ‌နေမှာ ဆိုးဝါးလို့လာခဲ့သည်။ ထိုအခါ ရန်ကုန် တိုင်းပြည်သူ့ ‌ကောင်စီမှ ၁/၈၈ ဖြင့် ပုဒ်မ-၁၄၄ကို ညမထွက်ရအမိန့်ကို ထုတ်ပြန်ရသည်အထိ ဖြစ်လာ‌လေသည်။ ထိုအချိန်တွင် တက္ကသိုလ်‌ကျောင်းပိတ်ထား‌သော်လည်း အထက်တန်း၊ အလယ်တန်း အ‌ခြေခံ‌ကျောင်းများသည် ပိတ်ထားခြင်း မရှိ‌သေး ‌ချေ။

သို့အတွက်‌ကြောင့် (၂၃.၆.၈၈)‌နေ့ ည ၈နာရီခွဲခန့်တွင် ‌ကျောင်းသား (၅၀)ခန့်သည် ‌ရွှေတိဂုံဘုရား ရင်ပြင်‌ပေါ်သို့ ‌ရောက်ရှိလာကြပြီး ‌ကျောင်းသားလှုပ်ရှားမှုကို စတင် ‌ဟော‌ပြော‌လေသည်။ ‌နောက်ပိုင်းတွင် ‌ကျောင်းသားများသည် (၈.၈.၈၈)မ‌ရောက်ခင်အထိ ‌နေ့စဉ် ‌ရွှေတိဂုံဘုရား‌ပေါ်တွင် စည်းလုံးလှုံ့‌ဆော် ‌ဟော‌ပြောကြ‌လေသည်။ ‌ရွှေတိဂုံဘုရား ‌ပေါ်တွင် နယ်စုံလာကြသဖြင့် တစ်နိုင်ငံလုံး ဝင်‌ရောက်နား‌ထောင်ကြပြီး သိရှိသွားကြ‌လေသည်။ (၈.၈.၈၈)‌ရောက်ပါက တစ်နိုင်ငံလုံးဆန္ဒပြရန် လှုံ့‌ဆော်‌ဟော‌ပြောကြသည်။ တစ်ဖက်တွင်လည်း ပြည်ပသတင်းများဖြစ်‌သော ဘီဘီစီ၊ ဘီအို ‌အေတို့က ညစဉ် ထုတ်ပြန်‌လေ့ရှိကြသည်။ ထိုစဉ်က ‌ရွှေတိဂုံဘုရား‌ပေါ်တွင် တက်‌ရောက်‌ဟော‌ပြော‌သော ‌ကျောင်းသား များမှာ တက္ကသိုလ်သားများ ပါဝင်သလို အထက်တန်း‌ကျောင်းသားများ အများဆုံး‌တွေ့ရ‌လေသည်။ အ‌ကြောင်းက သူတို့ မှာ အစိမ်းနှင့်အဖြူကို ဝတ်ဆင်ထားကြသဖြင့် အထင်ရှားဆုံး‌တွေ့ရခြင်းဖြစ်သည်။ ‌နေ့စဉ်တက်‌ရောက် နား‌ထောင်ဖြစ်ခဲ့ သည်။

ထိုအချိန်တွင် တချို့နယ်ဘက်မြို့များသည် လှုပ်ရှားလာကြပြီး ဖြစ်သည်။ ဥပမာ ‌တောင်ကြီး၊ ပဲခူး၊ ပြည်နှင့် ရန်ကုန်တို့တွင် စတင်လာခဲ့သည်။ ‌တောင်ကြီးတွင် ဘာသာ‌ရေးဖြင့် ဖန်တီးတိုက်‌ပေးမှုပင် ရှိခဲ့သည်။ သို့တွက်‌ကြောင့် (၂၂.၇.၈၈)‌နေ့တွင် နိုင်ငံ‌တော်‌ကောင်စီအစိုးရသည် နိုင်ငံ‌တော်လုံခြုံ‌ရေး၊ ပြည်သူ့အသက် အိုးအိမ်ကာကွယ်‌ရေးတို့ကို ‌စောင့်‌ရှောက်ရန်လည်း‌ကောင်း၊ ဘာသာ‌ရေးအဓိကရုဏ်းများ မဖြစ်ပွားရန်လည်း‌ကောင်း ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း ကာကွယ်‌ရေးဦးစီးချုပ်၏ စစ်အုပ်ချုပ်‌ရေးအာဏာ‌အောက်တွင် ‌ရောက်ရှိ‌ကြောင်း နိုင်ငံ‌တော်‌ကောင်စီမှ ‌ကြေညာချက် ၂/၈၈ ကို ထုတ်ပြန်လိုက်‌လေသည်။

တိုင်းပြည်အ‌ခြေအ‌နေသည် ‌ကောင်းလာသည့်ဘက်သို့ ဦးတည်လာစရာ မရှိ‌တော့သည်ကို ‌တွေ့ရ‌လေသည်။ သို့တွက်‌ကြောင့် တိုင်းပြည်အ‌ခြေအ‌နေကိုရိပ်မိ‌သော ဦး‌နေဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အ‌ရေး‌ပေါ်ညီလာ ခံကို (၂၃/၂၄/၂၅.၇. ၈၈)‌နေ့တွင် သုံးရက်တိုင်တိုင် ကျိုက္ကဆံကွင်း ဆရာစံခန်းမတွင် ကျင်းပကြ‌လေသည်။ ညီလာခံတွင် ဥက္ကဌဦး‌နေဝင်းက တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်တွင် မည်သည့်စနစ်ကို ကြိုက်နှစ်သက်‌ကြောင်း “လူထုဆန္ဒခံယူပွဲ ပြု လုပ်‌ရေး”ကို လမ်းဖွင့်တင်ပြခဲ့ပါသည်။ မြန်မာ့ရုပ်မြင်သံကြားတွင်လည်း ထုတ်လွှင့်‌နေသည်ကို ‌တွေ့ရ‌လေသည်။ ယင်း မိန့်ခွန်းသည် လွန်စွာထူးခြား‌သော မိန့်ခွန်းပင်ဖြစ်သည်။ ယင်းအချိန်က ပါတီစုံကို လွှတ်‌တော်တက်‌ရောက်သူအားလုံးက သ‌ဘောတူလက်ခံလိုက်မည်ဆိုပါလျှင် (၈.၈.၈၈)သည် ‌ပေါ်လာစရာအ‌ကြောင်း မရှိ‌ချေ။ သို့‌သော် လမ်း‌ဟောင်းဖြစ်‌သော (မဆလ) လမ်းစဉ်ကိုသာ ဆက်သွားရန် တင်ပြ‌ထောက်ခံလိုက်ကြသည်ကို ‌တွေ့ရ‌လေသည်။

ဤသို့ဖြင့် ‌ကျောင်းသားများသည် ရှစ်‌လေးလုံးအ‌ရေးအခင်းကြီး(၈.၈.၈၈)ကို ဦး‌ဆောင်ကာ (မဆလ) အစိုးရကို ပြည်သူများနှင့်အတူ ‌တော်လှန်ခဲ့ကြသဖြင့် (မဆလ)အစိုးရသည် တစ်အုံလုံး ဖြုတ်ကျခဲ့ရ‌လေသည်။ သို့‌သော် နိုင်ငံ‌တော် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့၏ ‌ကြေညာချက်အမှတ် ၁/၈၈ဖြင့် ဗိုလ်ချုပ်‌စော‌မောင်နှင့်အဖွဲ့သည် ၁၈ရက်၊ စက် တင်ဘာလ ၁၉၈၈ခုနှစ်တွင် တိုင်းပြည်အာဏာသိမ်းလိုက်ပြန်သည်။ သပိတ်စခန်းများကို ဖြိုခွဲသဖြင့် ‌ကျောင်းသားနှင့် ပြည်သူ‌ပေါင်းများစွာ ပြည်ပနိုင်ငံများသို့ ထွက်‌ပြေးကြရ၍ ဒုက္ခ‌ပေါင်းစုံ ပင်လယ်‌ဝေ‌တော့၏။

ဗိုလ်ချုပ်‌စော‌မောင်သည် အာဏာသိမ်းလိုက်ပြီး ၁၉၉ဝပြည့်တွင် ပါတီစုံ‌ရွေး‌ကောက်ပွဲ ကျင်းပ‌ပေးသည်။ အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက ‌တောင်ပြိုကမ်းပြို အနိုင်ရရှိသည်။ သို့‌သော် ဗိုလ်ချုပ်‌စော‌မောင်ကို အနား‌ပေးပြီး နိုင်ငံ ‌တော်ငြိမ်ဝပ်ပိပြားမှုတည်‌ဆောက်‌ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်းလိုက်သည်။ ထို့‌နောက် အနိုင်ရ နိုင်ငံ‌ရေးသမား လွှတ် ‌တော်အမတ်များကို အမှုအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအ‌ရေးယူသည်။ တချို့လွှတ်‌တော်အမတ်များသည် ပြည်ပသို့ ထွက် ‌ပြေးကြသည်။ တချို့မှာ ဖမ်းဆီးပြီး ‌ထောင်ထဲထည့်ထားလိုက်သည်။ (နဝတ၊ နအဖ) အုပ်ချုပ်မှုသည် နှစ်ဆယ့်‌လေးနှစ် ကြာ‌ညောင်းခဲ့သည်။ တိုင်းပြည်သယံဇာတ ကုန်သ‌လောက် ဖြစ်ခဲ့သည်။

(နအဖ)က စိတ်ကြိုက် ၂၀၀၈၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို အချိန်ကြာမြင့်စွာ ‌ရေးဆွဲခဲ့ပြီး ၂၀၁ဝခုနှစ်တွင် ‌ရွေး ‌ကောက်ပွဲ ကျင်းပ‌ပေးခဲ့သည်။ လူမှု‌ရေးအသင်းမှ ဖွဲ့စည်းထားခဲ့‌သော ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးအသင်းက နိုင်ငံ‌ရေးပါတီအဖြစ် အသွင်‌ပြောင်းပြီး ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရရှိကာ ၂၀၁၁ခုနှစ်တွင် တိုင်းပြည်ကို စတင် အုပ်ချုပ် ‌လေသည်။ ထို့‌နောက် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က စတင် အ‌ရွေးခံသည်။ ၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က အနိုင်ရ၍ အစိုးရဖြစ်လာကာ တိုင်းပြည်ကို ငါးနှစ်အုပ်ချုပ်ခွင့်ရ ‌လေသည်။ ဒီမိုက‌ရေစီ အ‌ရောင်သမ်းလာသည်။

‌ကျောင်းသားများ၏ လှုပ်ရှား‌တော်လှန်မှု‌ကြောင့် ၂၀၁၁ ခုနှစ်တွင် ဒီမိုက‌ရေစီအ‌ရောင်သန်းလာခဲ့ပြီး လူ့‌ဘောင် သစ်သို့ အ‌ရွေ့တစ်ခု ‌ရောက်ရှိလာခဲ့‌လေသည်။ ‌ကျောင်းသားများ၏ လှုပ်ရှား‌တော်လှန်မှုမရှိပါလျှင် အာဏာရှင်(မဆလ) ပါတီ၏ အုပ်ချုပ်‌အောက်တွင် ဒုံရင်းဒုံရင်းဖြင့် စခန်းသွား‌နေရအုံးမည် ဖြစ်သည်။ သို့‌သော် တိုင်းပြည်သည် ၁၉၆၂ ခုမှ တဖြည်းဖြည်း ဆင်းရဲလာခဲ့သည်မှာ ယ‌နေ့ထိ အဆင်းရဲဆုံးနိုင်ငံအဖြစ်မှ ရုန်းမထွက်နိုင်‌သေး‌ချေ။

“ပါတီစုံကို လွှတ်‌တော်တက်‌ရောက်သူအားလုံးက သ‌ဘောတူလက်ခံလိုက်မည်ဆိုပါလျှင်
(၈.၈.၈၈)သည် ‌ပေါ်လာစရာအ‌ကြောင်း မရှိ‌တော့‌ချေ။”

နိဂုံးချုပ်
စင်စစ် တက္ကသိုလ်ဆိုသည်မှာ ‌ယေဘုယျအားဖြင့် အဆင့်မြင့်ပညာ ရှာမှီးရာနှင့် တိုင်းပြည်တိုးတက်ရန် သု‌တေ သနလုပ်ငန်းများကို လုပ်‌ဆောင်ရ‌သော အဖွဲ့အစည်းတစ်ခု၏ ‌နေရာပင်ဖြစ်သည်။ လွတ်လပ်‌သော ပညာ‌ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်၍ ဖိနှိပ်ချုပ်ချယ်မှုကို လုပ်‌ဆောင်ရမည့်‌နေရာလည်း မဟုတ်‌ပေ။ ပညာ‌ရေးကို စိတ်တိုင်းကျ‌ဆောင် ရွက်ခွင့်ပြုထား‌ပေးရမည့်‌နေရာဖြစ်သည်။ ပညာ‌ရေး၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေး စသည်တို့ကို ‌ခေတ်မီတိုးတက်ရန် နည်းပညာ သစ်များကို ရှာ‌ဖွေသင်ကြား‌ပေးရာ အဓိကဌာနတစ်ခုလည်း ဖြစ်သည်။ တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သား‌ကောင်းရတနာများကို ‌မွေးထုတ်ရာ‌နေရာလည်း ဖြစ်သည်။ အညွှန့်တလူလူ ထိုးထွက်လွှင့်ထူ‌နေ‌သော လူငယ် ‌ကျောင်းသားများ ပညာသင်စု‌ဝေးရာ‌နေရာဖြစ်၍ မတရားမှုများ ‌တွေ့မြင်ရလျှင် ‌တော်လှန်လို‌သော စိတ်ဓာတ်သည် ယခု ‌ခေတ်မှ မဟုတ်ဘဲ ‌ခေတ်အဆက်ဆက် ‌ပေါ်‌ပေါက်ခဲ့သလို ‌တော်လည်း‌တော်လှန်ခဲ့ကြ‌လေသည်။

အဂင်္လိပ်အစိုးရအုပ်ချုပ်စဉ်က မတရားမှုများကို ‌တော်လှန်ရာတွင် ‌အောင်မြင်ခဲ့သည့်အပြင် ‌နောက်ဆုံး လွတ် လပ်‌ရေးရသည်အထိ ‌အောင်မြင်မှုရရှိခဲ့၍ ‌ကျောင်းသားများ၏အခန်းကဏ္ဍသည် လွန်စွာ ကြီးမားခဲ့‌လေသည်။ ယခုလို မိမိတို့နိုင်ငံလွတ်လပ်‌ရေးရပြီး မိမိတို့လူမျိုးနှင့် မိမိတို့အုပ်ချုပ်ပြီး ‌နေထိုင်ကာမှ မတရားမှုကို‌တော်လှန်ရာတွင် မကြာ ခဏ ဖြိုခွင်းခြင်းခံရမှုသည် လွန်စွာဝမ်းနည်းဖွယ်‌ကောင်းလှပြီး လွန်စွာမှလည်း အရုပ်ဆိုးအကျဉ်းတန်လှ‌ပေသည်။ စင်စစ်မှာမူ ဦးစွာမိမိတို့ကိုယ်တိုင် မိမိနားလည်ရပါမည်။ ‌နေရာတကာလိုက်ပြီး အုပ်ချုပ်စီမံလို့မရ‌ပေ။ မိမိတို့သည် မည် သည့်ပညာကို သင်ယူထားကြသနည်း။ မိမိတို့၏ အ‌ခြေအ‌နေမှန်ကို သိရှိရပါမည်။ မိမိ‌နေရာ မိမိအ‌ခြေအ‌နေ မိမိလုပ်ရ မည့်အလုပ်ကို မသိသမျှ ကာလပတ်လုံး မည်သည့်အလုပ်ကိုပဲလုပ်လုပ် ‌အောင်မြင်မှုရမည် မဟုတ်‌ပေ။ ထိုအခါ တိုင်း ပြည်တိုးတက်ရန် အလှမ်း‌ဝေး‌နေအုံးမည်သာ ဖြစ်သည်။

‌ကျောင်းသားပြည်သူများကို မှန်ကန်မျှတ‌သော ဥပ‌ဒေနှင့်အညီ မအုပ်ချုပ်ဘဲ မတရားမှုများကို တိုးပွား‌စေပြီး အာဏာလက်နက် အားကိုးမှုဖြင့် အုပ်ချုပ်‌နေသမျှ ‌တော်လှန်‌နေ‌သော ‌ကျောင်းသားပြည်သူများသည် ‌တော်လှန်‌ရေးကို ရပ်စဲမည်မဟုတ်ဘဲ တည်ရှိ‌နေအုံးမည်ဖြစ်သည်။ ထို့‌ကြောင့် ရန်ကုန်တက္ကသိုလ်နယ်‌မြေသည် မတရားမှုကို ‌တော်လှန် ‌သော သူရဲ‌ကောင်းအာဇာနည်(‌ကျောင်းသား)များ ‌ပေါ်ထွက်ရာနယ်‌မြေ‌နေရာတစ်ခုပင် ဖြစ်ပါသတည်း။

ကျမ်းကိုး။
၁။ ရာစု၏သမီးပျို၊ နှစ် ၁၀ဝ တက္ကသိုလ်။ ၂၀၂၁။ တင်ညွှန့်။
၂။ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့။ ကိုယ်တိုင်‌ရေး – ဗိုလ်မှူးချုပ်‌ဟောင်း‌ကျော်‌ဇော။
၃။ မြန်မာ့ရက်စဉ်ကျမ်း။