ဩဂုတ် ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဝင်ရောက်မည့်သတင်းကြောင့် ယမန်နေ့(ဩဂုတ်လ ၂၈ ရက်)တွင် ကျိတ်ကျေးရွာဒေသခံများမှာ တိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။
စစ်ကောင်စီမှ ၎င်းတို့ စွန့်ခွာထားသည့် ကျိတ်စခန်းတွင် ပြန်လည်ဝင်ရောက်အခြေချမည့်သတင်းကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့်အတွက် စခန်းအနီးရှိ ဒေသခံရွာသားများမှာ ၎င်းတို့နေအိမ်တွင် မနေရဲတော့ဘဲ စခန်းနှင့်ဝေးရာ ဆွေမျိုးနှင့် အသိမိတ်ဆွေများအိမ်တွင် သွားရောက်တိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ရှောင်အိပ်ရတာတော့ ၃ ခေါက်ရှိပြီး။ ပြန်လာလိုက် အခြေအနေမကောင်းဘူးကြားရင် ရှောင်အိပ်လိုက်နဲ့ လုပ်နေရတယ်။ နေမှမရဲတော့တာ၊ စခန်းမှာလည်း ဘယ်သူမှမရှိတော့ဘူး။ ပြန်လာပစ်မှာလည်း ကြောက်ရတယ်။ နောက်ရောက်လာရင် ငါတို့ကို ဘယ်လိုလုပ်မလဲ ဘာလုပ်မယ်မသိရဘူး။ ကြောက်နေရတယ်ပေါ့။ ကျင်းပုန်းတွေလည်း ဘာမှမလုပ်ထားရဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။
ကျိတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ စွန့်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၎င်းစွန့်ခွာသွားသည့် စခန်းကို နယ်မြေခံ KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၁၈မှ တပ်ဖွဲ့ဝင်များက ၂ ကြိမ်တိုင်တိုင် ဝင်ရောက်မီးရှို့ရှင်းလင်းမှု လုပ်ဆောင်ခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နှင့် ယနေ့ ဩဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကျိုက်ဒုံမြို့အနီးရှိ ကော်သနော့ ကျေးရွာဘက်တွင် နယ်မြေခံ (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၈ တပ်ဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့် တပ်(BGF) ပူးပေါင်းတပ်တို့ကြား အချိန်ကြာမြင့်စွာပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သနော့ ကျေးရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရသလို ကျိတ်၊ ကွင်းကလေး စသည့် ကျေးရွာများမှ ဒေသခံရွာသားအချို့လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ကြရ သည်။
နောက်ဆုံးရရှိသည့်သတင်းအရ တပ်အင်အား ၁၀ဝ ခန့်ရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့သည် လက်ရှိတွင် ကျိတ်ကျေးရွာအနီးရှိ ကွင်းကလေး ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ဝင်ရောက် တပ်စွဲထားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။



















