ဩဂုတ် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-သထုံခရိုင် ၊ (တပ်မဟာ ၁)၊ ဖားအံမြို့နယ်၊ တကောင်ဘိုး ကျေးရွာအုပ်စုတွင် ယနေ နံနက်အစောပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၁ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ယနေ့ နံနက် ၇နာရီကျော်တွင် တကောင်ဘိုးကျေးရွာအုပ်စု မီးပုံးကျေးရွာ အနီး တွင် တက်လာသည့် တပ်ဖွဲ့အင်အား ၂ဝ ခန့်ရှိ စစ်ကောင်စီတပ် ခမရ ၂၀၈ တပ်ဖွဲ့ဝင်များကို KNLA တပ်မဟာ ၁ မှ တပ်ရင်း ၁ နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( KNDO) တို့ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် ဥက္ကဌ စောစန္ဒာသိန်းက ပြောသည်။
၎င်းက “ဒီမနက် ၇ ကျော်ကျော်လောက်မှာ မီးပုံးရွာနဲ့ ကုလားကုန်းကြားမှာ ကျနော်တို့ လူတွေ စောင့်ပစ်တယ်။ အဲဒီမှာ ရန်သူဘက်က ၃ ဦးကျတယ်။ ၂ ဦးဒဏ်ရတယ်။ ပစ်ခတ်မှုကတော့ မိနစ်အနည်းငယ်ပဲ ဖြစ်တယ်။ ကျနော်တို့ဘူဘက်ကတော့ ထိခိုက်မှုမရှိဘူး။“ ဟု ကေအိုင်စီသို့ ပြောသည်။
ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် ပြန်လည်ဆုတ်ခွာ သွားပြီး ကျဆုံးစစ်သည်နှင့် ဒဏ်ရာရစစ်သည်များကို ရွှေဂွန်းဘက်သို့ ပြန် လည် ပို့ဆောင်သွားခဲ့သည်ဟု ပဒိုစောစန္ဒာသိန်းက ဆက်ပြောသည်။



















