Home သတင်း ထိုင်းနယ်စပ် ဒုက္ခသည်စခန်း‌နေထိုင်သူများ အလုပ်ကိုင်အခွင့်အလမ်းအတွက် ထိုင်းအစိုးရ နှင့် UNHCR ‌ဆွေး‌နွေးသွားရန်ရှိ

ထိုင်းနယ်စပ် ဒုက္ခသည်စခန်း‌နေထိုင်သူများ အလုပ်ကိုင်အခွင့်အလမ်းအတွက် ထိုင်းအစိုးရ နှင့် UNHCR ‌ဆွေး‌နွေးသွားရန်ရှိ

2521

ဩဂုတ် ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ‌နေထိုင်သူများအတွက် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရ ရှိရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ဒုက္ခသည်များကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် အဖွဲ့အစည်းများ က ထိုင်းအစိုးရနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး ကာ နည်းလမ်းရှာ‌ပေးရန်ရှိသည်ဟု စခန်းဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

ဒုက္ခသည်စခန်းများတွင် ‌နေထိုင်သူများ အ‌ခြေအ‌နေနှင့်ပတ်သက်၍ ဒုက္ခသည်များ စီမံခန့်ခွဲသည့် ‌ကော်မတီများ၊ UNHCR၊ အစိုးရမဟုတ်‌သော အဖွဲ့အစည်း INGO/NGO အဖွဲ့များနှင့် နယ်စပ် ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း(KCBO) များ ပါဝင်ပြီး ဩဂုတ်လ ၂၄ရက်မှ ၂၆ရက်‌နေ့ အထိ ပြုလုပ်သည့် အွန်လိုင်းအစည်းအ‌ဝေးတွင် ဒုက္ခသည်များ အလုပ်အကိုင် အခွင့်အလမ်းရရှိ‌ရေးအ‌ခြေအ‌နေနှင့်ပတ်သက်ပြီး ထိုသို့ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်များ‌ကော်မ တီ(KRC)က ‌ပြောသည်။

ကိုဗစ်‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် ထိုင်းနိုင်ငံတွင် လာ‌ရောက်အလုပ်လုပ်ကိုင်သည့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား အချို့သည် ‌နေရပ်ပြန်သွားကြသည့်အပြင် နိုင်ငံ‌ရေးအ‌ခြေအ‌နေနှင့် ကိုဗစ်‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် ထိုင်းနိုင်ငံသို့ ပြန် လည်ဝင်‌ရောက်လာရန် ခက်ခဲသည့်အတွက် ထိုလစ်လပ်သည့်‌နေရာများတွင် ဒုက္ခသည်စခန်းရှိ ‌နေထိုင်သူများမှ သွား‌ရောက်အလုပ်လုပ်လိုပါက တရားဝင် လုပ်ကိုင်နိုင်‌ရေး UNHCR ဘက်မှ ကူညီ‌ပေးရန်ရှိ‌ကြောင်း KRC အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခု နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ဒုက္ခသည်‌တွေက ပြည်တွင်းမှာပြန်ဖို့အဆင်မ‌ပြေ‌တော့ဘူး။ နိုင်ငံခြားကို ထွက်ဖို့လည်း အဆင်မ‌ပြေဘူး။ ထိုင်းနိုင်ငံမှာ‌နေထိုင်ဖို့ကလည်း အခွင့်အ‌ရေးက အဲ‌လောက်မရှိဘူး။ အဲဒီ‌တော့ ဒုက္ခ သည်စခန်းမှာရှိတဲ့သူ‌တွေက အပြင်မှာသွားအလုပ်လုပ်နိုင်ဖို့ကို UNHCR တို့ဘက်က ထိုင်းအစိုးရထံမှာ ‌ဆွေး‌နွေး‌ပေး သွားမှာ‌ပေါ့။ အခုလည်း ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေမရှိ‌တော့ လုပ်ငန်းရှင်တချို့က အလုပ်သမား လိုအပ်တာရှိတယ်။ ဒုက္ခသည်စခန်းမှာရှိတဲ့သူ‌တွေကလည်း ထိုင်းနိုင်ငံမှာပဲရှိတယ်ဆို‌တော့အလုပ်ထွက်လုပ်နိုင်ဖို့ သူတို့က စဉ်းစား‌ပေးတာ ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်စခန်းတွင် ခိုလှုံ‌နေထိုင်သူများအား နိုင်ငံတကာအလှူရှင်များ၏ ကူညီ‌ထောက်ပံ့မှုဖြင့်သာ ရပ်တည်‌နေကြရ ပြီး အများစုမှာ ဝင်‌ငွေမရှိသည့်အတွက် ဒုက္ခသည်စခန်းကို ‌စောင့်‌ရှောက်‌ပေး‌နေသည့် ထိုင်းအာဏာပိုင်များထံတွင် အပြင်ထွက်ခွင့်လက်မှတ်ရယူပြီး အနီးအနား ‌ကျေးရွာများရှိ ‌နေ့စားအလုပ်သွား‌ရောက် လုပ်ကိုင်ကြသူလည်းရှိသည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ ကိုဗစ်ကူးစက်မှုမှာ မြင့်တက်‌နေဆဲဖြစ်သည့်အတွက် ဒုက္ခသည်စခန်းအတွင်းရှိ ‌နေထိုင်သူများ လည်း ကိုဗစ်စည်းကမ်းချက်နှင့်အညီ အဝင်အထွက် ပိတ်ပင်တားဖြစ်ထားသလို ကိုဗစ်ကူးစက်မှု မရှိ‌စေ‌ရေးအတွက် စခန်းအတွင်းရှိ ရပ်ကွက်တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားလာမှုကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်ဟု စခန်းတွင်း ‌နေထိုင်သူများက ‌ပြောသည်။

အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ‌နေထိုင်သူ ‌စော‌လော‌လောက “စခန်းအဝင်အထွက် ပိတ်ထား‌တော့ ဘယ် သူမှ အပြင်ထွက် ‌နေ့စားအလုပ် သွားလုပ်လို့မရ‌တော့ဘူး‌ပေါ့။ အ‌ခြေခံစားစရာဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား‌တော့ ‌ဝေထား တာ‌တွေရှိတယ်။ ဒါ‌ပေမယ့် ဟင်း‌တွေက‌တော့ မရှိဘူး‌ပေါ့။ တချို့က စခန်းမှာ ဟင်းသီးဟင်းရွက်စိုက်ပြီး ‌ရောင်းတာရှိ ‌ပေမယ့်လည်း ဝယ်စားဖို့ပိုက်ဆံမရှိကြ‌တော့ အခက်အခဲရှိတာ‌ပေါ့။ တချို့က‌တော့ စခန်းအပြင်ဘက် ‌တောထဲမှာ ခိုးထွက်ပြီး တို့စရာ သွားရှာစားတာလည်း ရှိရင်ရှိမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ့်လ၊ အုန်းဖျန်၊ နိုဖိုး၊ မယ့်လအူး၊ မယ့်ရာ မို၊ ထမ်းဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် (၂) စခန်းများ အပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ခုရှိပြီး လက်ရှိအချိန်တွင် လူဦး‌ရေ ၉‌သောင်း‌ကျော်မှာ UNHCR အသိအမှတ်ပြုမှုဖြင့် ခိုလှုံ‌နေထိုင်လျက်ရှိသည်။

အဆိုပါဒုက္ခသည်စခန်းများသည် လွန်ခဲ့သည့် နှစ်‌ပေါင်း ၃၀‌ကျော်က မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအကြား စစ်‌ရေးပဋိပက္ခ‌ကြောင့် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးလာခဲ့ကြပြီး‌နောက် ကုလသမဂ္ဂဒုက္ခ သည်များ ဆိုင်ရာမဟာမင်းကြီး (UNHCR)၏ ကူညီမှုဖြင့် ထိုင်းနိုင်ငံနယ်စပ်၌ ဒုက္ခသည်စခန်း များဖြင့် ‌ရောက်ရှိခိုလှုံလာခဲ့ကြပြီး ‌နောက်ပိုင်းတွင် နိုင်ငံ‌ရေး၊ စားဝတ်‌နေ‌ရေး အခက်အခဲမျိုးစုံဖြင့် ‌ရောက်ရှိလာသူများလည်း ရှိသည်။

ပြီးခဲ့သည့် ၂၀၀၅-၂၀၀၆ခုနှစ်မှ စတင်ကာ တတိယနိုင်ငံများသို့ သွား‌ရောက်အ‌ခြေချ‌နေထိုင်သူများရှိသလို ၂၀၁၈ခုနှစ်တွင် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့က ဒုက္ခသည်စခန်းတွင်း ‌နေထိုင်သူများ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေး (Voluntary Repatriation Center – VRC) အစီအစဉ်အရ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် အ‌ခြေချ‌နေထိုင်သူများလည်း ရှိခဲ့သည်။