Home သတင်း ယာယီအဖွဲ့‌ခေါင်း‌ဆောင်နုတ်ထွက်ခြင်း‌ကြောင့် PPST စုဖွဲ့မှုအတွင်း ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲ ပြုလုပ်ခဲ့

ယာယီအဖွဲ့‌ခေါင်း‌ဆောင်နုတ်ထွက်ခြင်း‌ကြောင့် PPST စုဖွဲ့မှုအတွင်း ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲ ပြုလုပ်ခဲ့

2553
Photo: NCA-EAOs

ဇူလိုင် ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့ ဇူလိုင်လ ၇ ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST ၏ အစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်တွင် ၎င်းတို့၏ စုဖွဲ့မှု ‌ခေါင်း‌ဆောင်‌နေရာ အ‌ပြောင်းအလဲပြုလုပ်ခဲ့ပြီး ယာယီ‌ခေါင်း‌ဆောင်အဖြစ် မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်‌အောင်မင်းက ယာယီတာဝန်ယူ ‌ဆောင်ရွက်သွား မည်ဟု သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် -NCA တွင် ပါဝင်လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် အဆိုပါ PPST၏ ယခင်ယာယီ ‌ခေါင်း‌ဆောင်ဖြစ်‌သော ဗိုလ်ချုပ်ကြီး ယွက်စစ်က နုတ်ထွက်သွားပြီး ၎င်း‌နေရာတွင် နိုင်‌အောင်မင်း( ‌ခေါင်း‌ဆောင်)နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း(အဖွဲ့ဝင်) တို့ပါဝင်သည့် ‌ခေါင်း‌ဆောင်များမှ ဆက်လက်ယာယီ တာဝန်ယူသွား မည်ဟု အစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယခင် ယာယီ‌ခေါင်း‌ဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီအဖွဲ့‌ခေါင်း‌ဆောင်အ‌နေဖြင့် တာဝန်ယူ ခြင်းမှ အနားယူလို‌ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်‌နေ့တွင် နုတ်ထွက်စာ တင်ထားခြင်းဖြစ်ပြီး ၎င်းကို ယမန်‌နေ့က အစည်းအ‌ဝေးအတွင်း လက်ခံအတည်ပြု‌ပေးလိုက်ပြီး‌နောက် အစုအဖွဲ့ကို ဦး‌ဆောင်ရန် ယာယီအဖွဲ့ ‌ခေါင်း‌ဆောင်များကို ဆက်လက်တာဝန်‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Photo: NCA-EAOs

အဆိုပါ ‌ခေါင်း‌ဆောင်များအ‌နေဖြင့် စတုတ္ထ အကြိမ်‌မြောက် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(NCA-EAOs)၏ ဒုတိယပိုင်း ထိပ်သီးအစည်းအ‌ဝေးပြီး‌မြောက်သည်အထိ ယာယီဦး‌ဆောင်သွားရမည်ဖြစ်ကာ အဆိုပါ ထိပ်သီးအစည်းအ‌ဝေးကို ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်နိုင်ရန် လျာထားပြီး ၎င်းထိပ်သီး အစည်းအ‌ဝေးပြုလုပ်ပြီး ကာမှ PPST ၏ အဖွဲ့‌ခေါင်း‌ဆောင်သစ်ကို ‌ရွေးချယ်ခန့်အပ်တာဝန်‌ပေးသွားမည်ဟု PPST ၏ ‌ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ‌ပြောသည်။

လတ်တ‌လော ဗိုလ်ချုပ်ကြီး ယွက်စစ်နုတ်ထွက်ရခြင်းမှာ ရှမ်းအမျိုးသားနိုင်ငံ‌ရေးအတွက် လုပ်ငန်းတာဝန်များ ပြားလာသည့်အတွက် နုတ်ထွက်ရခြင်းဖြစ်ပြီး ယခုလို အဖွဲ့‌ခေါင်း‌ဆောင် နုတ်ထွက်ခြင်းနှင့် အ‌ပြောင်းအလဲ ဖြစ် ‌ပေါ်မှုများ‌ကြောင့် အဖွဲ့အတွင်း စုဖွဲ့ မှုအ‌ပေါ် တစ်စုံတစ်ရာ သက်‌ရောက်မှု မရှိနိုင်‌ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်း ကဆက်‌ပြောသည်။

“အခု ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့ရှမ်းအမျိုးသား‌ရေး လုပ်ငန်းကိစ္စ သူ့ရဲ့ ရှမ်းပြည်ကိစ္စ‌တွေနဲ့ လုပ်ငန်း‌တွေ ပိုများ လာတာ‌ပေါ့။ အဲ့လိုလုပ်ငန်း‌တွေ ပိုအားစိုက်လုပ်နိုင်ဖို့ လက်ရှိ ယာယီ‌ခေါင်း‌ဆောင်က‌နေ အနားယူခွင့်ကို စာတင် ထားပြီး ပြီးခဲ့တဲ့ PPST အစည်းအ‌ဝေးပွဲမှ‌ဆွေး‌နွေး လက်ခံအတည်ပြုလိုက်တယ်။ PPSTမှာ စည်းမျဉ်း စည်း ကမ်း‌တွေ လုပ်ငန်း လမ်းညွှန်‌တွေရှိထားပြီးသားဖြစ်တဲ့အတွက် ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲ‌ကြောင့် စုဖွဲ့မှုအတွက် ဘာမှ‌တော့ ရိုက်ခတ်မှု ရှိမှာမဟုတ်ဘူးလို့‌တော့ မြင်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

PPST အစည်းအ‌ဝေးကို ယခုလဆန်း ၁ ရက်နှင့် ၂ ရက်တွင်တစ်ကြိမ် ကနဦးပြုလုပ်ခဲ့ပြီး ‌နောက်ထပ် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်‌နေ့တွင် တစ်ကြိမ် ထပ်မံကျင်းပခဲ့ရာ ၄ ရက်တာ အစည်းအ‌ဝေးပွဲတွင် လတ်တ‌လော နိုင်ငံ‌ရေး အကြပ်အတည်းကာလကို NCA ၏ အနှစ်သာရကို အ‌ခြေခံ၍ ‌ဖြေရှင်းသွားမည့်ကိစ္စရပ်များ ‌ဆွေး‌နွေးသ‌ဘော တူခဲ့‌ကြောင်း ထုတ်ပြန်ခဲ့သည်။

Photo: NCA-EAOs

ထို့အပြင် လတ်တ‌လော ရင်ဆိုင်‌နေရသည့် ကိုဗစ်ကပ်‌ရောဂါနှင့်ပတ်သက်၍လည်း စိုးရိမ်‌ကြောင်းနှင့် ကာကွယ် တားဆီးမှုများကို အမြန်ဆုံး ပူး‌ပေါင်း‌ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပြီး PPST အ‌နေဖြင့်လည်း အတတ်နိုင်ဆုံး ပါဝင်ကြိုးပမ်း‌ဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဆက်လက်‌ဖော်ပြထားသည်။

ဆက်လက်ပြီး ရှမ်းပြည်‌မြောက်ပိုင်း အပါအဝင် မြန်မာပြည်တစ်ဝှမ်းဖြစ်ပွား‌နေသည့် နိုင်ငံ‌ရေး အကြပ်အတည်း များကို သက်ဆိုင်ရာ အဖွဲ့အစည်းများအ‌နေဖြင့် ငြိမ်းချမ်းစွာ ‌တွေ့ဆုံ ‌ဆွေး‌နွေး‌ဖြေရှင်းကြရန် တိုက်တွန်းထား သလို ယမန်‌နေ့က ကျ‌ရောက်သည့် ဆဲလ်ဗင်း ဇူလိုင် ‌အောက်‌မေ့ပွဲကိုလည်း အသိအမှတ်ပြုထုတ်ပြန် ‌ဖော်ပြထားသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်‌ပေါ်‌နေသည့် စစ်အာဏာသိမ်းမှု နှင့်ပတ်သက်ပြီး PPST ‌ခေါင်း‌ဆောင်များအကြား သ‌ဘောထား မတိုက်ဆိုက်မှုများလည်း ဖြစ်‌ပေါ်လျက်ရှိပြီး ယခင် PPST စုဖွဲ့မှုကို ဦး‌ဆောင်ပါဝင်ခဲ့သည့် ကရင် အမျိုးသားအစည်းအရုံး-KNU အ‌နေဖြင့်လည်း တက်တက်ကြွကြွပါဝင်ခြင်းမျိုး မ‌တွေ့မြင်ရ‌တော့ဘဲ အစုအဖွဲ့ ကွဲပြားမှုများလည်း ရှိ‌နေ‌ကြောင်း သတင်းများထွက်‌ပေါ်လျက်ရှိသည်။

အလားတူ PPST စုဖွဲ့မှု စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ခေါင်း ‌ဆောင်တာဝန် စတင်ထမ်း‌ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NCA ကိစ္စ‌ဆွေး‌နွေးရာတွင် မ‌ကျေလည်မှုများဖြစ် ‌ပေါ်ခဲ့သည့်အတွက် PPST အဖွဲ့‌ခေါင်း‌ဆောင်‌နေရာမှ နုတ်ထွက်ခဲ့သည်။ ထို့‌နောက် ရှမ်းပြည်ပြန်လည် ထူ‌ထောင်း ‌ရေး‌ကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယာယီ‌ခေါင်း ‌ဆောင်ဖြစ်‌ပေါ်လာပြီး ၂ နှစ်‌ကျော်ကာလ ဦး‌ဆောင်တာဝန်ယူခဲ့ပြီးကာမှ ထပ်မံနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။