Home သတင်း ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၇ ဦးနှင့် ကူးစက်သူ ၃၄ဝ ‌ကျော်ရှိလာသည့် မြဝတီမြို့တွင် စာသင်‌ကျောင်းများ နှစ်ပတ်ပိတ်ပြီး ‌ဈေးဆိုင်များနှင့် လုပ်ငန်းတချို့...

ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၇ ဦးနှင့် ကူးစက်သူ ၃၄ဝ ‌ကျော်ရှိလာသည့် မြဝတီမြို့တွင် စာသင်‌ကျောင်းများ နှစ်ပတ်ပိတ်ပြီး ‌ဈေးဆိုင်များနှင့် လုပ်ငန်းတချို့ ပါ ပိတ်ထားရ

1730
Photo: CJ

ဇူလိုင် ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်တတိယလှိုင်း‌ကြောင့် ယ‌နေ့ ဇူလိုင်လ ၆ ရက်‌နေ့အထိ ‌သေဆုံးသူ ၇ ဦးနှင့် ကူးစက်သူ ၃၄ဝ ‌ကျော်ရှိလာ သည့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် စာသင်‌ကျောင်းများ နှစ်ပတ်ပိတ်ထားပြီး ‌ဈေးဆိုင်တစ်ချို့နှင့် အခြား လုပ်ငန်းတစ်ချို့ပါ ပိတ်ထားရန် သက်ဆိုင်ရာက စာထုတ်သတိ‌ပေးထား‌ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မြဝတီမြို့ အ.ထ.က ၁ နှင့် ‌တောင်တန်း ဘုန်း‌တော်ကြီး သင်ပညာ‌ရေး‌ကျောင်း(ဘက) အပါအဝင် စာသင်‌ကျောင်း တစ်ချို့မှ ဆရာ/ဆရာမများနှင့် ‌ကျောင်းသား/သူ တစ်ချို့မှာ ကိုဗစ်ပိုး‌တွေ့ရှိခဲ့ သည့်‌နောက် ‌ကျောင်းများကို ပိတ်ထားသင့်‌ကြောင်း ‌ဒေသခံပြည်သူများအကြား ‌ဝေဖန်မှု မြင့်တက်လာ သည့်အတွက် ယ‌နေ့ ဇူလိုင် ၆ ရက်မှ ၁၉ ရက်‌နေ့ထိ နှစ်ပတ်ကြာ စာသင်‌ကျောင်းများကို ‌ခေတ္တပိတ်ထားရန် ပညာ‌ရေးဌာနက ထုတ်ပြန်ထားသည်။

၎င်းအပြင် ဇူလိုင်လ ၂ ရက်‌နေ့မှစ၍ ‌ဈေးများတွင် စား‌သောက်ကုန်နှင့် ‌ဆေးဝါးအ‌ရောင်းဆိုင်များသာ စည်းကမ်း ချက်နှင့်အညီ ဖွင့်ခွင့်‌ပေးထားပြီး အခြားလူသုံးကုန် အ‌ရောင်းဆိုင်များကို ပိတ်ထားရန် နှင့် လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် စား‌သောက်ဆိုင်များတွင် ဆိုင်ထိုင်‌ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ‌ရောင်းချရန် မြို့နယ်စည်ပင်သာယာ‌ရေးဌာနက ညွှန်ကြားထားသည်။

Photo: CJ

အခြားလုပ်ငန်းများ ဖြစ်‌သော ကျန်းမာ‌ရေးအနှိပ်ခန်း၊ KTV နှင့် မာဆတ် စသည့် ဆိုင်လုပ်ငန်းများကိုလည်း ပိတ်ထားရန် ဇူလိုင် ၂ ရက်‌နေ့ကတည်းက သက်ဆိုင်ရာက စာထုတ်အသိ‌ပေးထားသည်။ သို့‌သော်လည်း ငါးဂိမ်း‌လောင်းကစားရုံတစ်ချို့နှင့် ကာစီနိုရုံတစ်ချို့မှာ လက်ရှိအချိန်ထိ ဖွင့်ထားဆဲဖြစ်၍ ‌ဒေသခံပြည်သူများ ‌ဝေဖန်လျက်ရှိ‌နေသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်မှ ယမန်‌နေ့က ဇူလိုင် ၅ ရက်‌နေ့အထိ နှစ်ပတ်အတွင်း ကိုဗစ် ‌ရောဂါပိုး ‌တွေ့ရှိသူ ၃၄၂ ဦးရှိ‌ကြောင်း နှင့် ယ‌နေ့ ဇူလိုင် ၆ ရက် နံနက်ပိုင်းထိ ‌သေဆုံးသူ ၇ ဦးပြီးဟု မြဝတီခရိုင်ကျန်းမာ‌ရေးဌာနက သိရသည်။

အဆိုပါ ကိုဗစ်အတည်ပြုလူနာများကို မဲကနယ်ကွက်သစ်ရှိ အမှတ် ၄ ရပ်ကွက် ‌ကျောက်လုံးကြီးစခန်း၊ ‌ရွှေမြဝတီ‌ဈေး စသည့်‌နေရာများတွင် ဖွင့်ထား‌သော ကိုဗစ်စင်တာများနှင့် မြဝတီခရိုင်‌ဆေးရုံ၊ သကင်္န်းညီ‌နောင် စစ်‌ဆေးရုံတို့တွင် ထားရှိပြီး ‌ဆေးဝါးကုသ‌ပေးလျက်ရှိသည်ဟု သိရှိရသည်။

သို့‌သော်လည်း စားစရိတ် ၁ ရက်လျှင် ၃၅၀ဝ ကျပ်နှင့် ကိုဗစ်စစ်‌ဆေးခ တစ်ကြိမ်လျှင် ၁၀၀၀ဝ ကျပ်ကို လူနာများမှ ကျခံ‌နေရ၍ မရှိနွမ်းပါးလူနာများအတွက် အခက်အခဲရှိ‌နေသလို ‌ရောဂါကာကွယ် ထိန်းချုပ်‌ရေး တွင်လည်း အဟန့်အတား ရှိလာနိုင်‌ကြောင်း လူမှုကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူများက ‌ပြောဆိုကြသည်။

Photo: CJ