ဇူလိုင် ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်းအတွင်း ယမန်နေ့ ဇူလိုင်လ ၅ ရက်က စခန်းတွင်းနေထိုင်သူလင်မယားနှစ်ဦးထံမှ အမျိုးသားဖြစ်သူထံတွင် ကိုဗစ်ပိုးကနဦး စစ်ဆေးတွေ့ရှိမှုကြောင့် စခန်းတွင်း သွားလာမှုကို နှစ်ပတ်ခန့် တင်းကြပ်ကန့်သတ်လိုက်ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
မယ်လဒုက္ခသည်စခန်းရှိ Zone B 3 (A) တွင် နေထိုင်သူ အမျိုးသားတစ်ဦး နေထိုင်မကောင်းဖြစ်ရာ စခန်းတွင်းရှိ ဆေးရုံတွင် ကုသမှုခံယူစဉ် ကိုဗစ် positive ရောဂါ စမ်းသပ်တွေ့ရှိ၍ ထိုင်းအာဏာပိုင်များမှ စခန်းတွင်းသွားလာမှုများကို ပိုမိုတင်းကြပ်ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု စခန်းဥက္ကဌ စောအောနက် က ပြောသည်။
“ပထမကတော့ positive ထွက်တာပေါ့။ ဒါပေမဲ့ အခုက အဖျားက ကျသွားပြီးလို့ပြောတယ်။ မဲဆောက်ကို ပို့မယ်လို့ ကြားပေမဲ့ မပို့တော့ဘဲနဲ့ ဒီမှာပဲ စောင့်ကြည့်ကုသသွားမယ်။ ပြီးတော့ စခန်းရဲ့ လုံခြုံရေးအတွက် အဲ့ဒီ ဝန်းကျင်က အိမ်တွေကိုအပြင်မထွက်ဖို့နဲ့ ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံနေရာတွေ အစည်းအဝေး လုပ်တဲ့နေရာတွေကို ကျနော်တို့ နှစ်ပတ်ပိတ်ထားလိုက်ပြီး” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် စခန်းအတွင်း ဝင်ထွက်သွားလာမှုအပြင် ရပ်ကွက်ကျော် သွားလာမှုကိုပါ ကန့်သတ်ထားသလို ဈေးဆိုင် များကိုလည်း ယာယီ ပိတ်ထားခိုင်းပြီး ရိက္ခာများကိုပါ အလုအယက် ဝယ်ယူမှုများဖြစ်ပေါ်ခဲ့ကာ ယခုဖြစ်ရပ် ကြောင့် ကူးစက်မှု မြှင့်မားလာမည်ကို စခန်းတွင်း နေထိုင်သူများ အနေဖြင့်လည်း စိုးရိမ်လျက်ရှိသည်ဟု စခန်းတွင်း နေထိုင်သူများက ပြောသည်။
စခန်းတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “မနေ့က ပိုးတွေ့တယ်ပြောတော့ lock down ချလိုက်တယ်။ ရပ်ကွက်တစ်ခုနဲ့တစ်ခု သွားမရတော့ဘူး။ အဲ့ဒါနဲ့ လူတွေက ရိက္ခာကဒ်နဲ့ ရိက္ခာတွေ လုဝယ်ကြတယ်။ ကျမအမေလည်း သွားဝယ်လိုက်တယ်။ အခုဆိုရင် ကုန်တောင်ကုန်ပြီးလား မသိဘူး ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ၎င်းကိုဗစ်တွေ့ရှိသည့်မိသားစုနှင့် ထိတွေ့မှုရှိခဲ့သော မိသားစုဝင် အိမ်ထောင်စု နှစ်စုမှ ၁၄ ဦးနှင့် နောက်ထပ် ၇ ဦးကိုလည်းသီးသန့်နေရာခွဲထားကြောင်း ရက်သတ္တပတ် နှစ်ပတ်စောင့်ကြည့်သွားမည်ဖြစ်သလို လက်ရှိ positive ရလဒ်ထွက်ထားသည့် လူနာကိုလည်း သက်ဆိုင်ရာ မဲဆောက်ဆေးရုံသို့ မပို့ဆောင်သေးဘဲ စောင့်ကြည့်သွားမည်ဖြစ်သည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း ကိုဗစ်စတင်ဖြစ်ပွားချိန်မှစ၍ နယ်စပ် ဒုက္ခသည်စခန်းများအတွင်း ဝင်ထွက်သွားလာမှုကို စိစစ် ကန့်သတ်မှုများရှိနေသည့် ကြားက ယခုလို ကိုဗစ်ကူးစက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး အလားတူ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ၊ ဖို့ဖရတ် မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည် စခန်းနှင့် လဘူရီခရိုင်ထဲရှိ ထမ့်ဟင်ဒုက္ခသည်စခန်းတွင်လည်း ပြီးခဲ့သည့် လပိုင်းက ကိုဗစ်ပိုးကူစက်မှု ဖြစ်ပေါ်ခဲ့သေးသည်။
လတ်တလောတွင်လည်း ထိုင်းတစ်နိုင်ငံတစ်ဝှမ်း ကိုဗစ် တတိယလှိုင်း ကူးစက်ပျံ့ပွားမှု မြှင့်တက်နေပြီး တာ့ခ်ခရိုင် တစ်ခုလုံးအနေဖြင့် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့အထိ ကူးစက်ခံရသူ ၁,၄၂၄ ဦးအထိရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး မဲဆောက်မြို့တွင်လည်း မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား ကူးစက်ခံရကြောင်း သိရသည်။



















