Home သတင်း KNU ကာကွယ်‌ရေးဌာန ညွှန်ကြားစာအ‌ပေါ် နိုင်ငံ ၈နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများက ညှိနှိုင်း‌ဆောင်ရွက်‌စေလို

KNU ကာကွယ်‌ရေးဌာန ညွှန်ကြားစာအ‌ပေါ် နိုင်ငံ ၈နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများက ညှိနှိုင်း‌ဆောင်ရွက်‌စေလို

5577

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

KNDO-ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြနှင့် ဗိုလ်‌စောဘာဝါးတို့ကို တာဝန် မှ ယာယီရပ်ဆိုင်း‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကာကွယ်‌ရေးဌာန၏ အသိ‌ပေးညွှန်ကြားစာအ‌ပေါ် အချင်းချင်း ‌တွေ့ဆုံညှိနှိုင်းသွား‌စေလို‌ကြောင်း နိုင်ငံ (၈)နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ‌ကော်သူး‌လေပြန်လည်ထူ‌ထောင်‌ရေးအဖွဲ့(Rebuilt Kaw Thoo Lei Group)က ယမန်‌နေ့ (ဇူလိုင်လ ၁၂ ရက်) KNU ‌ခေါင်း‌ဆောင်များထံ ‌ပေးပို့သည့်စာတွင် ‌ပြောဆိုလိုက်သည်။

အဖွဲ့၏ ဥက္ကဌ ဆရာ‌စောလွဲ‌ဖောက “အခု ထုတ်ပြန်ချက်ထုတ်တာကလည်း ကိုယ့်‌ခေါင်း‌ဆောင်‌တွေကို မ‌လေးစားတာ မဟုတ်ဘူး။ လုပ်‌ဆောင်ချက်မှားတယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ အချင်းချင်း ‌တွေ့ဆုံညှိနှိုင်း လုပ်‌ဆောင်‌စေချင် တာ ဖြစ်တယ်။ ကျ‌နော် အစိုးရိမ်ဆုံးက ‌ကော်သူး‌လေမှာရှိတဲ့ ကိုယ့်‌ခေါင်း‌ဆောင်‌တွေ ကိုယ့်လူထု‌တွေ စိတ်ဝမ်းကွဲမှုဖြစ် သွားမှာ အစိုးရိမ်ဆုံးဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

က‌နေဒါ၊ အ‌မေရိကန်၊ ‌နော်‌ဝေး၊ ဆွီဒင်၊ ဂျပန်၊ ‌တောင်ကိုရီးယား၊ ဩစ‌တြေးလျားနှင့် ထိုင်း စသည့်နိုင်ငံ (၈)နိုင်ငံမှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ‌ကော်သူး‌လေပြန်လည်ထူ‌ထောင်‌ရေးအဖွဲ့က KNU-ကာကွယ်‌ရေးဌာန ၏ အသိ‌ပေးစာပါ KNDO ‌ခေါင်း‌ဆောင်နှစ်ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းမှုကို လက်မခံနိုင်‌ကြောင်းလည်း ၎င်းတို့၏ ‌ပေးပို့သည့်စာတွင် ‌ဖော်ပြထားသည်။

ယခု လုပ်‌ဆောင်ချက်များ‌ကြောင့် ‌ရှေ့ဆက် KNU ၏ လမ်းစဉ်၊လုပ်ငန်းစဉ်များအ‌ပေါ် ပြည်သူလူထု၏ ယုံကြည်မှု‌လျော့ သွားမည်ကို စိုးရိမ်‌နေရသည့်အတွက် လက်ရှိအာဏာကို အသုံးပြု၍ အချင်းချင်းကြား ‌မေတ္တာနှင့် ပြန်လည်ညှိနှိုင်း‌ပေး ‌စေလို‌ကြောင်းလည်း အဆိုပါအဖွဲ့က တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်‌ပေါ်ခဲ့သည့် ‌ဝေါ်‌လေတွင် ၂၅ဦး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဗဟိုအ လုပ်အမှု‌ဆောင်‌ကော်မတီက ဇူလိုင်လ (၅)ရက်‌နေ့တွင် အစည်းအ‌ဝေး‌ခေါ်ယူခဲ့ပြီး စုံစမ်းစစ်‌ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် ၎င်း KNDO ‌ခေါင်း‌ဆောင်နှစ်ဦးကို တာဝန်မှ ယာယီရပ်ဆိုင်း‌ကြောင်း ဇူလိုင်လ (၈)ရက် ‌နေ့စွဲဖြင့် KNU က အသိ‌ပေးစာ ‌ပေးပို့ခဲ့သည်။

၎င်းအသိ‌ပေးစာကို ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက လက်မခံနိုင်‌ကြောင်း ဇူလိုင်လ ၁၁ရက်‌နေ့တွင် သ‌ဘောထား ထုတ် ပြန်ခဲ့သလို ယခုကိစ္စအ‌ပေါ် ပြည်တွင်း၊ပြည်ပရှိ ကရင်လူထုများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် မတူကွဲပြားသည့် ‌ထောက်ပြ‌ပြောဆိုမှုများစွာ ထွက်‌ပေါ်လာခဲ့သည်။

ပြီးခဲ့သည့် ‌မေလ ၃၁ရက်‌နေ့က မြဝတီခရိုင်၊ ‌ဝေါ်‌လေမြို့နယ် ကနဲ‌လေး-‌မော်ခီးသွား ကားလမ်း၊ အူးဟူ‌ချောင်း တံတား တည်‌ဆောက်‌ရေးလုပ်ငန်းခွင်‌နေရာမှ အလုပ်သမားဆိုသူ ၄၇ဦးအား KNDO က ဖမ်းဆီးခဲ့ပြီး‌နောက် ၂၂ဦး ပြန်လွှတ်‌ပေး ကာ ၂၅ဦးအား သတ်ဖြတ်ခဲ့‌ကြောင်း အာဏာသိမ်းစစ်‌ကောင်စီက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ခဲ့သည့်အ‌ပေါ် ‌သေဆုံးသွားသူ အားလုံးမှာ အရပ်သားများမဟုတ်ဘဲ ‌ဆောက်လုပ်‌ရေး အသွင်‌ဆောင်ထား သည့် စစ်‌ကောင်စီ၏ တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း သိမ်းဆည်းရမိသည့် ပစ္စည်းများနှင့်အတူ KNDO စစ်ဦးစီးချုပ်ကိုယ် တိုင် ရှင်းလင်း‌ပြောဆိုခဲ့သည်။

ထိုဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းမီဒီယာများတွင် ‌ဖော်ပြလာပြီး‌နောက် အဖြစ်မှန်ကို သိရှိနိုင်ရန်အ တွက် KNU ဗဟိုအ‌နေဖြင့် စုံစမ်းစစ်‌ဆေးမှု ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီး‌နောက်ပိုင်း ယခုကဲ့သို့ ‌နောက်ဆက်တွဲ လုပ်‌ဆောင်မှုများ ‌ဆောင်ရွက်လာခြင်းဖြစ်သည်ဟု KNU ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ဇူလိုင်လ ၁၂ ရက်‌နေ့တွင် ယခုလို ‌ပြောဆိုသည်။

“အခုဖြစ်စဉ်မှာ နှစ်ဘက်စလုံးက ‌ပေါ်ထွက်လာတဲ့ အချက်အလက်‌တွေအရက ကျ‌နော်တို့ အတိအကျ မသိရဘူး။ ဒါကို ကျ‌နော်တို့က စုံစမ်းစစ်‌ဆေးဖို့ လိုမယ်။ အဲဒါ‌ကြောင့် စုံစမ်းစစ်‌ဆေး‌ရေး အလုပ်အဖွဲ့တစ်ခုကို ကျ‌နော်တို့ ဖွဲ့စည်းပြီး ‌တော့ အ‌ခြေအ‌နေအမှန်ကို ကွင်းဆင်းစုံစမ်းမှုလုပ်ဖို့အတွက် ဖြစ်တယ်။ အခုလို စုံစမ်းစစ်‌ဆေးမှုလုပ်‌နေစဉ် စစ်ဦးစီးချုပ် တာဝန်က‌နေ သူ့ကို ယာယီရပ်ဆိုင်းတာဖြစ်ပြီး အဲဒါပြီးရင် ထွက်‌ပေါ်လာတဲ့ရလဒ်‌တွေအ‌ပေါ်မှာ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိ သူ‌တွေဆီ တင်ပြပြီး စီရင်မှု‌တွေ ‌နောက်တဆင့် လုပ်‌ဆောင်သွားရမှာဖြစ်ပါတယ်။”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြော သည်။

‌ကော်သူး‌လေပြန်လည်ထူ‌ထောင်‌ရေးအဖွဲ့ (Rebuilt Kaw Thoo Lei Group) ကို ကရင့်အမျိုးသား‌တော်လှန်‌ရေးအ တွက် အ‌ထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး အာရှ၊ ဥ‌ရောပနှင့် ‌မြောက်အ‌မေရိကတိုက်ရှိ နိုင်ငံ ၈နိုင်ငံမှ ကရင်လူမှုအ ဖွဲ့အစည်း‌ခေါင်း‌ဆောင်များဖြင့် ပြီးခဲ့သည့် ၂၀၂ဝခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။