ဇူလိုင်လ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သည့် ဝေါ်လေဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ်စောဘာဝါးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကာကွယ်ရေးဌာနက အမိန့်စာ ထုတ်ပြန်လိုက်သည်။
KNU တပ်မဟာ (၆) နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဖလူး-ဝေါ်လေတွင်ဖြစ်ပွားခဲ့သည့် KNDO တပ်ဖွဲ့ဝင်များမှ အရပ်သားများကို သတ်ဖြတ်ကြောင်း စစ်ကောင်စီ၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ယခု ဇူလိုင်လ ၅ ရက်နေ့က KNU၏ ဗဟို အလုပ်အမှုဆောင် ကော်မတီမှ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီ ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KNU ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒီကိစ္စကို စောနယ်ဒါးဘက်ကလည်း လက်မခံသေးသလို အခုက လူ့အခွင့်အရေးအရ စုံစမ်းဖော်ထုတ်မှု ကာလမှာ ရာထူးကနေ ယာယီရပ်ဆိုင်းထားတဲ့ သဘောမျိုးပဲ။ သတင်းတွေ တက်နေသလို ရာထူးကနေ လုံးဝ ဖြုတ်ပစ် လိုက်တာမျိုးမဟုတ် သေးဘူး။ နောက်ပြီးတော့ ရန်သူဘက်ကနေ ဖိအားပေး ထိုးနှက်တာမျိုးကြောင့် ဒီလိုဆုံးဖြတ်တာမျိုးလည်း မဟုတ်ဘူး”ဟု ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ်(၄) အပိုဒ် (၁) နှင့် (၂) အရ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ နှင့် ဗိုလ်ဘာဝါးတို့ကို ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ၎င်း၏ လစ်လပ်တာဝန်တွင် KNDO ၏ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောဖိုးလဝင်း မှ ယာယီတာဝန်ယူသွားရမည်ဖြစ်ကြောင်းလည်း ၎င်း အမိန့်စာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က မြဝတီခရိုင် ဝေါလေမြို့နယ် ကနဲလေး-မော်ခီးသွား ကားလမ်း၊ အူးဟူချောင်း တံတား တည်ဆောက်ရေးလုပ်ငန်းခွင်နေရာမှ အလုပ်သမားဆိုသူ ၄၇ ဦးအား KNDO က ဖမ်းဆီးခဲ့ပြီးနောက် ၂၂ ဦးအား ပြန်လွှတ်ပေး ခဲ့ကာ ၂၅ ဦးအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီက ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ခဲ့ သည်။
ထိုသို့ ထုတ်ပြန်ခဲ့သည့်အပေါ် KNDO ဘက်က သေဆုံးသွားသူ အားလုံးမှာ အရပ်သားများမဟုတ်ဘဲ ဆောက်လုပ်ရေး အသွင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဖမ်းဆီးရမိချိန် သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၏ ရာထူး၊ ရာခံ အဆောင်အယောင်များနှင့်တကွပြန်လည်ရှင်းလင်းထုတ်ပြန်ပြီး ၎င်းတို့၏ နယ်မြေအတွင်းသို့ စုံစမ်းထောက်လှမ်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း KNDO စစ်ဦးစီးချုပ်ကိုယ်တိုင် ရှင်းလင်း ပြောဆိုခဲ့သည်။
အလားတူ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အရေးယူနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို သို့ စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဇွန်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်အကြောင်းကြားစာ ပေးပို့ခဲ့ပြီး KNDO အနေဖြင့် အပစ်ရပ်သဘောတူစာချုပ်(NCA)ပါ အချက်များကို ချိုးဖောက်နေကြောင်း၊ ၎င်းအပေါ်ကန့်ကွက်ကြောင်း နှင့် လူသတ်မှု ကျူးလွန်ခဲ့သူများကို တရားဥပဒေ နှင့် အညီ အရေးယူနိုင်ရေး အမှုဖွင့်ထားမှုအပေါ် ဖမ်းဆီးအရေး ယူနိုင်ရေး လိုအပ်သလို ကူညီဆောင်ရွက်ပေးရန် အသိပေးအကြောင်းကြားထားကြောင့် တွေ့ရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KNU ဗဟိုနှင့် ခရိုင်တာဝန်ရှိသူများကလည်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း ပြန်လည်ထုတ်ပြန်ထားပြီး ယခုလို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် KNDO ထိပ်ပိုင်းဆောင် ၂ဦး ရာထူးမှ ယာယီရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သည်။



















