Home သတင်း သထုံခရိုင်အတွင်း စစ်‌ကောင်စီတပ်များ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဆက်တိုက်ကျူးလွန်‌နေဟု KNU ‌ပြော

သထုံခရိုင်အတွင်း စစ်‌ကောင်စီတပ်များ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ဆက်တိုက်ကျူးလွန်‌နေဟု KNU ‌ပြော

3646
Photo: Thooleinews

ဇူလိုင် ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU – ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ-၁) အုပ်ချုပ်နယ်‌မြေအတွင်း ဝင်‌ရောက်လှုပ်ရှား‌နေ သည့် စစ်‌ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် လူထု‌နေထိုင်ရာ‌ကျေးရွာထဲသို့ ‌သေနတ်ကြီးဖြင့် ရမ်း သမ်းပစ်ခတ်မှုများအပါအဝင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများ ဆက်တိုက်ကျူးလွန်‌နေသည်ဟု KNU သထုံခရိုင် တာဝန်ရှိသူက ‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ‌ကေအဲန်ယူ သထုံမြို့နယ်အတွင်းရှိ ‌ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် အ‌ကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်သည့်အပြင် ‌ကျေးရွာအတွင်း ဝင်‌ရောက်ကာ လူထုပိုင်ဆိုင် သည့် ပစ္စည်းများကိုလည်း ပိုင်ရှင်မသိဘဲ ယူ‌ဆောင်သွားမှုများလုပ်‌ဆောင်လျက်ရှိသည်ဟု KNU သထုံခရိုင် ခရိုင်အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ‌ပြောသည်။

ပဒို‌စောစိုးမြင့်က “လက်နက်ကိုင်အချင်းချင်း ဖြစ်ကြတာကို လူထုကို ပစ်မှတ်ထားပြီး ပြန်ပစ်တာ မ‌ကောင်း ဘူး‌ပေါ့။ သူတို့က ရွာထဲကို လက်နက်ကြီးနဲ့ပစ်‌တော့ ခြံ‌တွေထိတယ်၊ အိမ်‌တွေပျက်စီးတယ်။ ရွာထဲဝင်ပြီး လူထု‌တွေပိုင်ဆိုင်တဲ့ ဆန်‌တွေ၊ ပစ္စည်း‌တွေလည်း ယူတာမ‌ကောင်းဘူး‌ပေါ့။ လူ့အခွင့်အ‌ရေးအရ ကြည့်မယ်ဆိုရင် ဒါလူ့အခွင့်အ‌ရေးချိုး‌ဖောက်တာ‌ပေါ့‌နော်။ ကျ‌နော်က အဲလိုပဲမြင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလ ဇူလိုင်လ ၁ရက်‌နေ့တွင် ‌ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် ‌ညောင်ကုန်းရွာအနီးအနားရှိ စစ်‌ကောင်စီ ခမရ (၄၀၆) တပ်ရင်းမှ တပ်ခွဲမှူးအဆင့်ရှိ သီဟ‌ဇော်ဦး‌ဆောင်သည့်အဖွဲ့သည် ‌ကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံးပစ်ချရာတွင် ၅ လုံး ‌ပေါက်ကွဲခဲ့သလို လူ‌နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားသည့်အပြင် ဇူလိုင်လ ၂ ရက်‌နေ့တွင်လည်း သထုံမြို့နယ် ဝမ်းဘဲအင်း‌ကျေးရွာရှိ စကခ(၈) စစ်‌ကြောင်းမှူး ‌ဝေယံဦး ဦး‌ဆောင်သည့်အဖွဲ့က လူထု‌နေထိုင်သည့် ‌ကျေးရွာထဲသို့ (၆ဝ မမ) ၇ လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ပဒို‌စောစိုးမြင့်က ဆက်‌ပြောသည်။

ထို‌ဒေသမှ အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက“ ကျ‌နော်တို့‌နေတဲ့ ‌ဒေသမှာက BGF စခန်း‌တွေရှိတယ်။ တပ်စ ခန်း‌တွေလည်းရှိတယ်။ လက်နက်ကြီး အသံ‌တွေက‌တော့ မကြာခဏ ကြားရတယ်။ ‌ညောင်ကုန်းရွာ မနီးမ‌ဝေးမှာ ဆိုရင်လည်း BGF နဲ့ တပ်ပဲရှိတယ်။ တစ်ခါတစ်‌လေ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး၊ အသံနဲ့ ခြိမ်း‌ခြောက်ပြီး‌ဖောက် တာ‌တွေလည်းရှိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU သထုံခရိုင် အုပ်ချုပ်နယ်‌မြေထဲရှိ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် လူထုများ‌နေထိုင်ရာ ‌ကျေးရွာထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများလုပ်‌ဆောင်သည့်အပြင် တပ်အင်အားတိုးချဲ့မှုနှင့် စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာသည့်အတွက် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သထုံခရိုင်တာဝန်ရှိသူများက ‌ပြောသည်။

KNU သထုံခရိုင်၏ ပြုစုထားသည့် စာရင်းအရ ယခင်လ ဇွန်လအတွင်း သထုံခရိုင်တွင် တိုက်ပွဲ‌ပေါင်း ၂၃ ကြိမ်ဖြစ် ပွားကာ စစ်‌ကောင်စီဘက်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒုဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၃၂ ဦး ကျဆုံးသွားပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ၎င်းတို့ထံလက်နက်ချခဲ့သည်ဟု ‌ဖော်ပြထားသည်။